ဒီပဲယင်းတွင် လယ်ယာလုပ်ကိုင်နေသူများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်တိုင်း၊ ဒီပဲယင်းမြို့နယ် အင်းတန်းကျေးရွာအနီးတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ များကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး ၁၂ လုံးကြဲချသွားရာ အင်းတန်းကျေးရွာ တောင်ဘက်ရှိလယ်ကွင်းများထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ကိုကြီးဖြိုးက ပြောသည်။

“ သူတို့ပစ်ခတ်တဲ့အချိန်မှာ တောင်သူလယ်လုပ်နေတဲ့ ပြည်သူတွေ၊ ငါးရှဉ့်ထိုးနေတဲ့ ပြည်သူတွေရှိနေ တယ်။ ဝေဟင်ကဝဲလာတာနဲ့ ချက်ခြင်းထွက်ပြေးလို့ လွတ်မြောက်ခဲ့တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ကို မြို့ သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုသည့် သတင်းမှားဖြန့်ဝေမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ မြို့နှင့်အနီး ဆုံးရှိ အင်းတန်းကျေးရွာကို လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကိုကြီးဖြိုးက မှတ်ချက် ပြုသည်။

စစ်ကောင်စီကတိုက်ခိုက်ခဲ့သည့် အင်းတန်းကျေးရွာသည် ဒီပဲယင်းမြို့နှင့်တဆက်တစပ်တည်း တည်ရှိ သည့်ကျေးရွာဖြစ်ပြီး ရွာတောင်ဘက်မှလယ်ကွင်းများကိုဖြတ်ကာ ဒီပဲယင်းမြို့ပေါ်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်တခုရှိပြီး အဆိုပါလမ်းကြောင်းပေါ်ကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ လက် ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးငယ်လေးဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာတည်း။ ။စောဖေ