လက်နက်ခဲယမ်းများနှင့်အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၃ ဦးကို ဆုငွေများချီးမြှင့်

ပုံအညွှန်း - စစ်ကောင်စီတပ်သားများ ယူဆောင်လာသည့် လက်နက်ခဲယမ်းများ (ဓါတ်ပုံ - CDF - Hakha)

ပုံအညွှန်း – စစ်ကောင်စီတပ်သားများ ယူဆောင်လာသည့် လက်နက်ခဲယမ်းများ (ဓါတ်ပုံ – CDF – Hakha)

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဟာခါးမြို့မှ စစ်ကောင်စီတပ်သားသုံးဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင် ရောက်လာသဖြင့် ဆုငွေချီးမြှင့်ခဲ့ကြောင်း CDF–Hakha ထံမှ သိရသည်။

ဟာခါးမြို့ ရုန်းတောင်တပ်စခန်းမှ စစ်ကောင်စီတပ်သားသုံးဦးသည် ၎င်းတို့ကိုင်ဆောင်သည့် MA1 နှစ် လက် ၊ MA2 တလက် ၊ လက်ပစ်ဗုံး ၁၈ လုံးနှင့် ကျည်ဆံ ၁၀၀၀ ကိုယူဆောင်လာကာ ဧပြီလ ၁၇ ရက်နေ့ တွင် အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

“အဓိကအချက်ကတော့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုမကြိုက်လို့ အခုလိုဝင်လာကြတာပြောပါတယ်” ဟု CDF – Hakha စစ်ဦးစီးချုပ်က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီလက်အောက်မှ ထွက်လာလိုပါက ၎င်းတို့ထံဆက်သွယ်နိုင်ပြီး နွေးထွေးစွာကြိုဆိုနေကြောင်း ၎င်းကဆိုသည်။

ယခု လက်နက်ချအလင်းဝင်လာသူများကို တဦးလျှင် ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း စစ်ဦးစီးချုပ်က ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေသော စစ်သားနှင့် ရဲများကို လက်နက်ချ အလင်းဝင်ကြ ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် CDF – Hakha က ဖိတ်ခေါ်ထားသည်။

လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လူသားဆန်ဆန် ဆက်ဆံမည်ဖြစ်ပြီး တော်လှန်ရေးပြီးဆုံး သည်အထိ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ထို့ပြင် တပ်ဖွဲ့မှစီစဥ်ထားသောနေရာများတွင် နေထိုင်နိုင်ပြီး အကယ်၍ သွားရောက်လိုသော နေရာများ ရှိပါကစီစဥ်ပေးသွားမည်ဖြစ်ကြောင်း CDF – Hakha က အသိပေးထားသည်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် ၄၀ ဝန်းကျင်ခန့် အလင်းဝင်လာခဲ့ပြီးဖြစ်ကြောင်း CDF – Hakha ထံမှ သိရသည်။

စာတည်း။ ။စောဖေ