အင်းစိန်၊အိုးဘိုနှင့်မြင်းခြံထောင်မှ အကျဉ်းသားအချို့ လွတ်ငြိမ်းဖြင့်ပြန်လွတ်မြောက်၊ နိုင်ကျဉ်းပါဝင်မှုနည်း

ပုံအညွှန်း- ဧပြီ ၁၇ ရက်နေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း / ဓါတ်ပုံ- Zay Zay

ရွှေနွယ်၊ ဂျူချန်း

မဇ္စျိမ။ ။ရန်ကုန်တိုင်း၊အင်းစိန်အကျဉ်းထောင်၊ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်နှင့် မြင်းခြံအကျဉ်းထောင်မှအကျဉ်းသားအချို့သည် ယနေ့ မွန်းလွဲပိုင်းမှစတင်ကာ လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာသည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။

“၁၂ ကျော်လောက် က လွှတ်တာရှင့်။ ကားက ရှစ်စီးလောက်ပဲရှိမယ်ထင်တယ်။ အတိအကျမရေမိဘူး။ လူလည်း ၂၀၀ ကနေ ၃၀၀ လောက်ပဲထင်တယ်။ ကားတွေတော့ အကုန်ပြန်ထွက်လာပြီ။ နိုင်ကျဉ်း ၂၀ယောက်ပဲ ပါတယ်လို့ကြားမိတယ်။ တနှစ်အောက်တွေများတယ်” ဟု အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် အကျဉ်းသားမိသားစုဝင်တဦးက ပြောသည်။

အလားတူ မန္တလေး၊ အိုးဘိုအကျဉ်းထောင်နှင့် မြင်းခြံထောင်တို့မှ အကျဉ်းသားအချို့လည်း ယနေ့ မွန်းလွဲပိုင်းတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးကပြောသည်။ အရေအတွက်အတိအကျနှင့် နိုင်ငံရေးအကျဥ်းသားပါဝင်မှုကိုမေးမြန်းနေဆဲဟုဆိုသည်။

လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ နည်းပါးသည်ဟု ဦးသိုက်ထွန်းဦးနှင့်အကျဉ်းထောင်အသိုင်းအဝိုင်း၏ ပြောဆိုချက်အရသိရသည်။

“လက်ရှိတော့ အင်းစိန်(အင်းစိန်ထောင်)ဘက်ကပြောတာတော့ နိုင်ငံရေးအကျဉ်းသားမပါသလောက်နည်းတယ်လို့ပြောတယ်။ အရေအတွက်အတိအကျတော့ ခုချိန်ထိ မလာသေးဘူး။ နိုင်ငံရေးအကျဉ်းသား အရေအတွက်အားဖြင့် လက်ချိုးရေလို့ရတဲ့အနေအထားလောက်ပဲ ခုချိန်ထိတော့သိရတယ်ဗျ” ဟု ဦးသိုက်ထွန်းဦးကပြောသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် လွတ်ကာနီးအကျဥ်းသားများဖြစ်ပြီး နိုင်ငံရေးအရဖြေလျှော့မှုပြုလုပ်နေကြောင်း စစ်ကောင်စီက နိုင်ငံတကာကိုပြလို၍ လွတ်ငြိမ်းပေးခြင်းဟု နိုင်ငံရေးအကျဥ်းသားဟောင်းတဦးကပြောသည်။

၎င်းက ” ပြစ်ဒဏ်ကျခံရန် ကျန်တဲ့ကာလ ခြောက်လ သို့မဟုတ် သုံးလ၊ တလ ကျန်တဲ့သူတွေကို ပေးလိုက်တာ။ လွတ်ခါနီးတွေပေါ့။ တနည်းအားဖြင့် နိုင်ငံရေးအရ ဖြေလျှော့လုပ်တယ်လို့ နိုင်ငံတကာကိုပြချင်တဲ့အခါကျတော့ လွတ်ငြိမ်းမပေးလည်း လွတ်တော့မယ့်သူတွေကို လွှတ်ပေးတာ” ဟုပြောသည်။

လွတ်ငြိမ်းပေးရာ၌လည်း အကျဉ်းသားများအားလုံးသည် ပြစ်ဒဏ်အလိုက် တပြေးညီအခွင့်အရေးပေးသင့်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားပြန်လည်လွတ်မြောက်မှုနည်းပါးသည့် စစ်ကောင်စီ၏လွတ်ငြိမ်းသည် မျှတမှုရှိမနေကြောင်း ဥပဒေပညာရှင်တဦး ကပြောသည်။

“ဖြေလျှော့မှုပေးတဲ့အခါမှာ သင့်တော်တဲ့ ပမာဏတခုပေါ့နော်။ မတရားမှုပုဒ်မနဲ့ဖြစ်စေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများနဲ့ပတ်သက်လို့ပဲ ဖြစ်စေ ကျခံရန်ကျန်ကာလ တနှစ်အောက်ကျန်တဲ့သူတွေကိုတော့ ဖြေလျှော့ခွင့်ပေးသင့်တယ်။ အဲ့လိုဖြေလျှော့ပေးလိုက်မှပဲ အစိုးရအနေနဲ့ နိုင်ငံရေးအရ ရင့်ကျက် ပြည့်ဝတယ်လို့ ယူဆလို့ရတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ငါတို့အစိုးရကို ဆန့်ကျင်တဲ့သူတွေကိုတော့ ငါတို့ ဖြေလျှော့မှု မပေးနိုင်ဘူးကွာကျန်တဲ့သူတွေပဲ ပေးမယ်ဆိုရင် ဒါနိုင်ငံရေးအရရင့်ကျက်ပြည့်ဝတယ်လို့ မဆိုနိုင်ဘူး” ဟု အဆိုပါဥပ‌ဒေပညာရှင်က ဆိုသည်။

နိုင်ငံရေးအကျဥ်းသား ဟောင်းတဦးကလည်း “တဖက်က အထွေထွေအကျဉ်းသားတွေ ပေးသလို ဒီဘက်က နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဒီအခွင့်အရေးတွေ ပေးစေချင်တယ်။ တပြေးညီအခွင့်အရေးတွေ ရမှသာလျှင် အားလုံးကလည်းပဲ ပေးလိုက်တဲ့ ဒီအခွင့်အရေးပေါ်မှာ တန်ဖိုးထားကြမှာ”ဟု ပြောသည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၇ ရက်) နေ့တွင် ထုတ်ပြန်ကြေညာသည်။ ၎င်းတို့ကို ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ ၄၀၁ပုဒ်မခွဲ (၁) အရ နောက်တကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသောသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

လွတ်ငြိမ်းခွင့်ရရှိသည့်အနက် နိုင်ငံခြားသား ၃၆ ဦးပါဝင်သည်။ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၅ ဦး နှင့် နိုင်ငံမဖော်ပြထားသည့် နိုင်ငံခြားသား ရှစ်ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခြင်းဖြစ်သည်။

ထို့အပြင် ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေ အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတရပ်ရပ်အရပြစ်မှုတခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတပုံကို လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဧပြီ ၁၂ ရက်ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီအာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုနှင့် ဆက်စပ် ၍ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းမှာ ၂၆,၅၂၄ ဦးရှိပြီး ထိုအထဲမှ (၂၀,၃၅၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈,၉၄၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂နာရီခန့်အထိ ရရှိသောသတင်းများအရအင်းစိန်‌ထောင် ၊ အိုးဘိုထောင်နှင့် မြင်းခြံထောင်မှ အကျဉ်းသားအချို့ပြန်လည်လွတ်မြောက်လာသေးကြောင်းသိရပြီး ကျန်အကျဉ်းထောင်များ၏သတင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း – အေးချမ်း