ဆားလင်းကြီးတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ၁ ဦးသေဆုံး

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုလောင်ရွာတွင် ယနေ့ ဧပြီလ ၂၀ရက် နံနက် ၈နာရီ ၃၀မိနစ် အချိန်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသားတဦး သေဆုံးသွားသည်ဟု ချင်းတွင်းမြစ်ကမ်းဘေးသပိတ်ခေါင်းဆောင်ထံမှ သိရသည်။

“ခုကရွာပြင်မှာ လက်နက်ကြီးကျတာဗျ။ချက်ချင်းသေသွားတာပါ။ နှစ်ချက်ပစ်တာ။ ကူးတို့ကုန်းရွာနဲ့ ပုလောင်ရွာကြားကိုကျပြီး ဦးခေါင်းနဲ့ ဂုတ်ကြားမှာ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားတာပါ” ဟု ချင်းတွင်းမြစ်ကမ်းဘေး သပိတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော်က မဇ္စျိမအားပြောသည်။

သေဆုံးသူသည် (အသက် ၅၂နှစ်) ဦးမိုးဦး ဖြစ်ပြီး ၎င်းတွင်မိသားစုဝင် ခုနစ်ဦးရှိကာ တောင်ယာလုပ်ကိုင်သူ အိမ်ထောင်ဦးစီးတဦး ဖြစ်ကြောင်း၊ နွားကျောင်းထွက်လာစဉ် လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သပိတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော်ထံမှ သိရသည်။

“မိုင်တောင်မဝေးဘူး။ လှမ်းကြည့်မြင်နေရတာ
အကွာအဝေးက။ မြစ်ပဲခြားတယ်”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သည့်နေရာနှင့် အကွာအဝေးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်မှုများ မကြာခဏပြုလုပ်‌လေ့ရှိပြီး ဧပြီလ ၁၆ ရက်ကလည်း အလားတူပစ်ခတ်မှုကြောင့် ကူးတို့ကုန်းကျေးရွာမှ ဒေသခံ အမျိုးသားတဦး သေဆုံးသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ