ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံး ဟုဆို

Mahura People Defence Force ရဲဘော်များ/ဓါတ်ပုံ – Mahura People Defence Force

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊တောင်ပုလူကျေးရွာရှိ စစ်ကောင်စီတပ်သားများအတွက် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း Mahura People Defence Force (MHRPDF) အဖွဲ့ တာဝန်ခံ မီးငယ် က မဇ္စျိမကိုပြောသည်။

အနီးနားရှိပျူရွာမှ တဆင့် အင်အား ၁၅ဦးဖြင့် လာရောက်ရိက္ခာပို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၂၈ရက်တွင် တောင်ပုလူကျေးရွာအနီး၌ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အဲဒီနေရာမှာ တိုက်ပွဲဖော်ဆောင်နိုင်ဘို့ အချိန်တော်ကြာ သတင်းထောက်ခဲ့ရပါတယ်။ သေသွားတဲ့ စစ်ကောင်စီတပ်သားတွေကို မျက်မြင်တွေ့လိုက်ရတာပါ ” ဟု မီးငယ် က ဆိုသည်။

မိနစ် ၃၀ကျော်ကြာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသေဆုံးခဲ့ပြီး လေကြောင်းမှ ပစ်ကူရောက်လာသောကြောင့် လက်နက်များကောက်ယူနိုင်ခြင်းမရှိဘဲ ကာကွယ်ရေးရဲဘော်များဆုတ်ခွာခဲ့ရသည် ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသေဆုံးမှုနဲ့ပတ်သက်ပြီး မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းတိုက်ပွဲကို မုံရွာခရိုင်အမှတ်(၁)တပ်ရင်း (BLDF) ၊ မုံရွာခရိုင်အမှတ် (၂၅) တပ်ရင်း တပ်ခွဲ(၁) ၊ တပ်ခွဲ(၂) ၊ တပ်ခွဲ(၄) ၊ တပ်ခွဲ(၅) MHRPDF ၊ ပကဖ နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ LPDF များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုထက်ပိုမို၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရန် တပ်ဖွဲ့အတွက် စက်လတ်ဝယ်ယူနိုင်ရေး ပရောဂျက်ပြုလုပ်ထားလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြပါရန် Mahura People Defence Force (MHRPDF) တာဝန်ခံရ မေတ္တာရပ်ခံထားသည်။

ဖေဖော်ဝါရီလအတွင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ကျောက်စစ်ပုံရွာရှိ အမြောက်တပ်မှ စစ်ကောင်စီတပ်သားများက တောင်ပုလူအပါအဝင် အနီးနားကျေးရွာများဖြစ်သော ဘူးတောင်းကန် ၊ တဲကြီးကုန်း၊ ဆုံကုန်း ၊ ပေကုန်း ၊ ခိုးသန်း ၊ ကြီးပဒုံ ၊ ကံကြီးကုန်း ၊ ရှားပေါက်တောနှင့် ရင်းမန်းကျေးရွာများကို စစ်ကြောင်းထိုး၍ မီးရှို့ခဲ့သဖြင့် လူနေအိမ် ၅၀၀ခန့်ပျက်စီး ခဲ့ကြောင်းသိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)