ပြင်ဦးလွင်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၅ ချက်ခန့် ပစ်ခတ်

ပုံအညွှန်း − သရက်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ခံစစ်ပြင်ဆင်ထားသည့် မြင်ကွင်း။ ( ဓာတ်ပုံ − MDY-PDF)

ပုံအညွှန်း − သရက်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ခံစစ်ပြင်ဆင်ထားသည့် မြင်ကွင်း။ ( ဓာတ်ပုံ − MDY-PDF)

ရွှေနွယ်

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်ရေးတင်းမာလျက်ရှိပြီး ယနေ့ (ဧပြီ ၂၁ရက်) နံနက်ပိုင်း၌ ညောင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၁၅ ချက်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ပြင်ဦးလွင်မြို့ ဒေသခံများထံက သိရသည်။

ပြင်ဦးလွင်မြို့ မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ညောင်ကုန်းကျေးရွာတွင် အထိုင်ချသည့် စစ်ကောင်စီတပ်က ထိုသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု ပြင်ဦးလွင်မြို့ဒေသခံတဦးက ပြောသည်။

“ညောင်ကုန်းရွာအနောက်ဘက် ဘုန်းကြီးကျောင်းနောက်က ကွင်းပြင်မှာ စစ်တပ်ရဲ့ ၁၂၀ မမ ဟောင်ဝှစ်ဇာ လေးလက်ရှိတယ်။ အဲ့ဒီကနေ လှမ်းထုနေတာ။ အရပ်မျက်နှာအားလုံးကို ရမ်းထုနေတာ။ နံနက်အစောကြီးထဲကပဲ။ မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို ကြောက်နေကြတာ” ဟု ပြင်ဦးလွင်မြို့ဒေသခံက ပြောသည်။

၎င်းအနေဖြင့် ပစ်ခတ်သံ ၁၅ ချက်ခန့်ကြားသိလိုက်ရပြီး နံနက် ၉ နာရီအချိန်ခန့်တွင်မူ ပစ်ခတ်သံငြိမ်သက်သွားကြောင်းလည်း ပြောသည်။

ယမန်နေ့ (ဧပြီ ၂၀ ရက်) ညနေပိုင်းကလည်း ပြင်ဦးလွင်မှ စစ်ကား လေးစီးဖြင့် စစ်ကောင်စီတပ်သား အပြည့်တင်ဆောင်ကာ နောင်ချိုမြို့နယ်ဘက်သို့ ထွက်ခွာသွားသည်ကိုလည်း မြင်တွေ့ရသည်ဟု အဆိုပါ ဒေသခံကပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့၌ အစစ်အဆေးတင်းကြပ်ထားကြောင်း ဒေသခံ နောက်တဦးကလည်းပြောသည်။

“ပြင်ဦးလွင်မှာ အစစ်အဆေးတွေများတယ် မထင်ရင်မထင်သလို စစ်တယ်။ မြို့အဝင်ဂိတ်တွေ ဝက်ဝံဂိတ်တို့မှာဆိုရင်လည်း အစစ်အဆေးတော်တော်လေးတော့ကြမ်းတယ်။ ပြင်ဦးလွင်အနီးမှာက ညဘက်ဆိုရင် သေနတ်သံတို့ လက်နက်ကြီးသံတို့က လေးငါးချက်လောက်ကြားနေရတယ်” ဟု အဆိုပါ ဒေသခံကပြောသည်။

ပြည်ဦးလွင် ဒေသခံများသည် အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး နေရာပြောင်းရွေ့မှု မရှိကြသေးကြောင်း၊ မြို့သို့ ပျူစောထီးဟု ယူဆရသူများ ရောက်ရှိနေပြီး မြမာလာ ရပ်ကွက်ရှိ မဘသ ဘုန်းကြီးကျောင်းတခုတွင် ဝင်ထွက်သွားလာနေကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က ပြင်ဦးလွင်နှင့် ထိစပ်လျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF မှ သိမ်းယူနိုင်ခဲ့ကြောင်း MDY-PDF ကသတင်းထုတ်ပြန်ထားသည်။ အဆိုပါ သရက်ကုန်းကျေးရွာသည် လက်ရှိ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်လျက်ရှိသည့် ညောင်ကုန်းကျေးရွာနှင့် မိုင် ၃၀ ခန့်ကွာဝေးသည်။ ပြင်ဦးလွင်နှင့် နောင်ချိုမြို့တို့၏ စစ်ရေးအခြေအနေကိုသိရှိနိုင်ရန် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY-PDF ထံ မဇ္ဈိမက ဆက်သွယ်နေဆဲဖြစ်သည်။

စစ်ကောင်စီဘက်ကမူ သရက်ကုန်းစခန်းသိမ်းခံရမှုနှင့်အတူ ပြင်ဦးလွင်၏ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ တစုံတရာထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။ လက်ရှိတွင် သရက်ကုန်းကျေးရွာမှ ပြည်သူများမှ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်းလည်း ပြင်ဦးလွင်ဒေသခံများထံက သိရသည်။

ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည့် ဧပြီ ၁၄ ရက် ည ၉ နာရီအချိန်ခန့်ကလည်း MDY-PDF က စစ်တက္ကသိုလ်(ပြင်ဦးလွင်) သို့ဦးတည်ကာ ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့်တိုက်ခိုက်ခဲ့သေးသည်။ ပြင်ဦးလွင်မြို့သည် စစ်ကောင်စီတပ်၏ စစ်တက္ကသိုလ်နှင့် စစ်ဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တို့တည်ရှိရာမြို့ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး