အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး အမှတ်(၂) တံတား ဖြတ်သန်းသွားလာခွင့် လာမည့် မေလတွင် အိန္ဒိယ ပိတ်မည်

ပုံအညွှန်း - အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးတံတားနှင့် မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဥ် (ဓါတ်ပုံ - ဇိုးနက် တီဗွီချန်နယ်)

ပုံအညွှန်း – အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးတံတားနှင့် မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဥ် (ဓါတ်ပုံ – ဇိုးနက် တီဗွီချန်နယ်)

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနှင့် မြန်မာနိုင်ငံ နယ်စပ်ရှိ ကုန်သွယ်ရေး အမှတ်(၂) ချစ်ကြည်ရေးတံတား ဖြတ်သန်းသွားလာခွင့်ကို လာမည့် မေလတွင် အိန္ဒိယက ပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်စည်များ လွတ်လပ်စွာ သွားလာသယ်ယူခွင့် မရှိတော့ကြောင်းနှင့် ကျောင်းတက်နေသူများ ၊ ကျန်းမာရေး နှင့် အခြားအရေးပေါ်ကိစ္စမှ အပ သွားလာခွင့်မပြုတော့ကြောင်း ဒေသခံများကဆိုသည်။ ထိုသို့ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ကြောင်းကို မီဇိုရမ်ပြည်နယ်အခြေစိုက် ဇိုးနက်တီဗွီချန်နယ်က ယမန်နေ့ ( ဧပြီလ ၂၀ရက် ) တွင် ထုတ်လွှင့်ခဲ့ပြီး နယ်စပ်နှစ်ဖက်ရှိ ကျေးရွာတာဝန်ရှိသူများကိုလည်း အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်အရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

“အဲဒီလိုနောက်လကစပြီး တကယ်ပိတ်မယ်ဆိုရင်တော့ မြန်မာဘက်မှာရှိတဲ့သူတွေရဲ့ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊လူမှုရေးများအပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်လာမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံဘက်ရှိ ရိဒ်ခေါ်ဒါရ်မြို့နယ်ကို ထိန်းချုပ်ထားသည့် ဟွားငိုးလ်ရမ်း ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

နေ့စဥ် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၀၀ကျော်သည် မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ သွားရောက်ကျောင်းတက်လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြု၍ လုပ်ကိုင်အသက်မွေးဝမ်းကြောင်းနေသူများနှင့် စစ်ဘေးရှောင်များကိုလည်း အဓိက ထိခိုက်လာနိုင်သည် ဟု ၎င်းက ဆိုသည်။

ထို့ပြင် လက်ရှိကျင်းပလျက်ရှိသော အိန္ဒိယနိုင်ငံ အောက်လွှတ်တော်ရွေးကောက်ပွဲ အတွက် မီဇိုရမ်ပြည်နယ်တွင်မဲပေးရန်ဟု ဆိုကာ ဧပြီလ ၁၈ရက်နှင့် ၁၉ရက်နေ့ ကလည်း နယ်စပ် ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

ယင်းနောက် ဧပြီလ ၂၀ရက်နေ့တွင် နယ်စပ်ဖြတ်ကျော်သည့် တံတားကို ပြန်လည်ဖွင့် လှစ်ပေးခဲ့သော်လည်း ယခင်ကဲ့သို့ လွတ်လပ်စွာသွားလာ ခွင့်မပြုဘဲ ကန့်သတ်မှုများ စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

နယ်စပ်ဝင်ထွက်သွားလာခွင့်ကို လုံးဝပိတ်လိုက်ပါက အိန္ဒိယနိုင်ငံ ဘက်ခြမ်းမှ တင်သွင်းသည့် ဆန်မှအစ စားနပ်ရိက္ခာများကို အမှီပြုစားသောက်နေထိုင်ရသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း ခံစား ရမည်ဖြစ်ကြောင်း မြန်မာဘက်ခြမ်းရှိ ဟွားငိုးလ်ရမ်း ပြည်သူ့အုပ်ချုပ်ရေး အုပ်ချုပ်ရေးတာဝန်ရှိသူကဆက်ပြောသည်။

ယခုကဲ့သို့တရားဝင်နယ်စပ်ဝင်ထွက်ပေါက်အား ပိတ်ပင်လိုက်ခြင်းဖြင့် မှောင်ခို လမ်းကြောင်းများစွာပေါ်ပေါက်လာနိုင်ပြီး မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ် မှုကိုလည်း ထိန်းချုပ်နိုင်ရေး အတွက် ကြီးမားသောစိန်ခေါ်မှုနှင့် ရင်ဆိုင်လာရနိုင်ဖွယ် ရှိကြောင်းသိရသည်။

ယခုပိတ်ပင်မှု သည့် နှစ်နိုင်ငံအကြားလွတ်လပ်စွာသွားလာခွင့် (Free Movement Regime) ဖျက်သိမ်းခြင်းကို အကောင်အထည်ဖော်ခြင်း ဟုတ်၊ မဟုတ်ကိုမူ အာသံရိုင်ဖယ်တပ် အကြီးအကဲက ဖြေကြားခြင်းမပြုဘဲ အထက်အမိန့်အရလုပ် ဆောင်ခြင်းဖြစ်ကြောင်း ဇိုးနက်သတင်းဌာနက ဆိုသည်။

အိန္ဒိယ – မြန်မာနယ်စပ် ခြံစည်းရိုးခတ်ရန်နှင့် လွတ်လပ်စွာသွားလာခွင့်ကို ပြန်လည် ရုပ်သိမ်းရန် ဗဟိုအစိုးရက အသိပေးခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်ရှိ လူမှုရေးအသင်း အဖွဲ့များ၏ ဆန့်ကျင်ကန့်ကွက်မှုများရှိသကဲ့သို့ ယင်းကိစ္စသည် ပြည်နယ်၏လုပ်ပိုင်ခွင့်ဘောင်မှ ကျော်လွန်နေသောကြောင့် လွန်ဆန်ရန်မဖြစ်နိုင်ကြောင်း ပြည်နယ်အတွင်း သဘောထားများ ဖြစ်ပေါ်လျက်ရှိနေသည်ဟု နယ်စပ်ရှိ မြန်မာနိုင်ငံသား တဦးထံက သိရသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ကီလိုမီတာ ၁,၆၄၃ ကျော် ထိစပ်လျက်ရှိပြီး ယခုကဲ့သို့ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ရခြင်းသည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း လုံခြုံရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဗဟိုအစိုးရက အသိပေးထား သည်။

စာတည်း။ ။အောင်ကျော်ဖြိုး