တံတားဦးလေတပ် လုံခြုံရေး ကင်းလှည့်‌နေသည့် စစ်‌ကောင်စီကားတိုက်ခိုက်ခံရပြီး ၄ ဦးသေ

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ တံတားဦးလေတပ်လုံခြုံရေး ကင်းလှည့်နေသည့် စစ်‌ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးသွားကြောင်း Kyaukse Revolution Army (KRA) တာဝန်ရှိသူကပြောသည်။

ဧပြီ ၂၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့် က တံတားဦး လေတပ်အနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးပါ ကားကို ခရိုင်းချင်းဆက်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ေကြာင်း သိရသည်။

” ခရိုင်ပတ်လမ်းအတိုင်း တံတားဦးလေတပ်ဆီကို မောင်းနှင်လာချိန် ကျွန်တော်တို့တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က လမ်းခုလတ်တနေရာမှာ ချုံခို တိုက်ခိုက်ခဲ့တယ်။ ကားအနောက်ဖင်ကြွတက်သွားပြီး လမ်းဘေးယာဘက်ကို ထိုးရပ်သွားတာကို တွေ့မြင်ရပါတယ် ” ဟု KRA တာဝန်ရှိသူကပြောသည်။

ကားနောက်ခန်းတွင် လေးဦးသေဆုံးနေသည်ကို မျက်မြင်‌တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို KRA နှင့်အတူKyaukse District Defense Force (KDDF)၊စဥ့်ကိုင်မြို့နယ် (ပကဖ) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁၇ ရက်နေ့က တံတားဦးလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တံတားဦးလေတပ်စခန်း ပတ်ဝန်းကျင်ကို ကင်းလှည့်နေခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး