မြစ်ကြီးနား လေတပ်အနီးနေ ဘာသာရေးဆရာများကို စစ်ကောင်စီတပ်ဖမ်းဆီး

မြေပုံ- နမ့်ပေါင်လေတပ်ဌာနချုပ်နှင့် အောက်မော်ဖောင်းကျေးရွာ

မဇ္ဈိမ

မြစ်ကြီးလေတပ်ဌာနချုပ်နှင့် လမ်းတဘက်သာခြားသည့် မော်ဖောင်ကျေးရွာနေ ဘာသာရေးဆရာသုံးဦးအပါအဝင် လူငါးဦးကို လေတပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ (ဧပြီ ၂၀ ရက်)ညက ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူများမှာ နှစ်ခြင်းဘုရားကျောင်းမှ သိက္ခာတော်ရဆရာ ဦးရှောင်လာ၊ ဆရာဒွမ်ဖောင်းမုန်ဆန်နော်၊ ကက်သလစ်ဘုရားကျောင်းမှ ဆရာလုံဘန်ခေါထန်၊ ကျောင်းစောင့် ဦးလဖိုင်ဂမ်ဒွတ် နှင့် ဦးအင်ဒွပ်ဂမ်တို့ဖြစ်သည်။

“ မနေ့ည ၁၀ နာရီခွဲလောက် အောက်မော်ဖောင်းမှာရှိတဲ့ နှစ်ဖက်ကဘုရားကျောင်းက ဆရာနေအိမ်တွေမှာ ဝင်ဖမ်းသွားတာဟုတ်တယ်။ အခုထိတော့ ကျနော် တို့လည်း ဘာမှမကြားရသေးဘူး။ ဘာကြောင့်ဖမ်းသွားတာလဲမသိရသေးဘူး။ ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးသွားသူများကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရသေးပါ။

အောက်မော်ဖောင်းကျေးရွာသည် ဧပြီလ ၁၉ ရက်နေ့က ၁၀၇ မမ ရှော့ခ်တိုက်ဒုံးနှင့်ပစ် ခတ်ခံခဲ့ရသည့် မြစ်ကြီးနားလေတပ်ဌာနချုပ် (ဒေသအခေါ် နမ့်ပေါင်လေတပ်)နှင့် ကားလမ်းသာခြားသည့် ကချင်ရွာကြီးဖြစ်သည်။