ကောလင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၈ ဦးသေဆုံး

ကောလင်းမြို့ပေါ်သို့စစ်ကောင်စီတပ်ဖွဲ့၏လက်နက်ကြီးပစ်ခတ်မှုကြောင့်ပျက်စီးမှုများကိုတွေ့ ရစဉ် (ပုံအဟောင်း)

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊တံဇူးရွာအနီးတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ များတိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းရှစ်လောင်း ရရှိထားကြောင်း ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ကောလင်းမြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တံဇူး ကျေးရွာအနီးတွင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ မနက် ၄ နာရီလောက်ကထွက်လာတာမြို့ထဲက စစ်ကြောင်း။ အဲ့တာက်ိုစောင့်တိုက်ကြတာ။ တမနက်လုံးပဲတိုက်ပွဲက။ သူတို့(စစ်ကောင်စီ)ဘက်ကအထိနာတယ်။ ဝန်းသိုတပ်ကလည်း လက်နက်ကြီးကူတယ် “ ဟု အဆိုပါ စစ်‌ရေးသတင်းရင်းမြစ်ကပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ကောလင်းမြို့ထဲမှ အင်အား ၈၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက စစ်ကူထပ်မံရောက်ရှိလာပြီး တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။

မွန်းလွဲ ၁နာရီ ဝန်းကျင်တွင်စစ်ကောင်စီစစ်ကြောင်းသည် ကောလင်းမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။

” ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ကာပစ်ပေးပြီး မြို့ ထဲ ပြန်ဝင်သွားတယ်” ဟု မြေပြင်သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။ ကောလင်း၌တိုက်ပွဲဖြစ်နေကြောင်းကို စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချန်နယ်အချို့၌ ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။ထို့နောက် မြို့အနီးဝန်းကျင်နေရာများကို စစ်ကြောင်းထိုးနေစဉ် ကာကွယ်ရေးတပ်ဖွဲ့ များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း ကောလင်းမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ကျော်သေဆုံးကာ ကာကွယ်ရေးရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း (၂)က သတင်းထုတ်ပြန်ခဲ့သည်။

ကောလင်းမြို့နယ်အတွင်းယခုရက်ပိုင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်၍ လုံခြုံရေးသတိပြုကြရန်နှင့် လက်နက်ကြီးအန္တရာယ်သတိပြုကြရန် ဒေသခံများအား သတိပေးထားကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စာတည်း – အေးချမ်း