ခါမ်းပါတ်နဲ့ စော်ဘွားရေရှင်ရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၃ဦးသေဆုံး

ဗုံးဒဏ်ကြောင့် ခါမ်းပါတ်မြို့အတွင်းပျက်စီးမှုများ။(ဓါတ်ပုံ – ပေးပို့)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ခါမ်းပါတ်မြို့နှင့် ကလေးမြို့နယ် စော်ဘွားရေရှင်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ သုံးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူနှင့် ဒေသခံထံက သိရသည်။

ခါမ်းပါတ်မြို့ အမှတ်(၁)နှင့် အမှတ်(၄) ရပ်ကွက်တို့တွင် ယနေ့ (ဧပြီလ ၂၂ရက်) နံနက် ၂နာရီ ၃၀မိနစ်အချိန်ခန့်၌ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချ တိုက်ခိုက်သွားခြင်းဖြစ်သည်။

“မြေပြင်မှာ စစ်ကြောင်းထိုးတာ တိုက်ပွဲဖြစ်တာမရှိဘူး၊ လူနှစ်ယောက်သေပြီး သုံးယောက်ဒဏ်ရာရတယ်” ဟု ခါမ်းပါတ်မြို့ အမှတ် (၁)နှင့် အမှတ်(၄)ရပ်ကွက်တွင် ဗုံး‌ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ခါမ်းပါတ်မြို့ အမှတ်(၁) ရပ်ကွက်တွင် ဗုံးနှစ်လုံးပေါက်ကွဲရာ အမျိုးသမီးတဦး နှင့် အမျိုးသားတဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရကာ လူနေအိမ်ခုနှစ်လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

ခါမ်းပါတ်မြို့ အမှတ်(၄) ရပ်ကွက်တွင်လည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးတဦး ဒဏ်ရာရကာ စာသင်ကျောင်းဆောင် အမိုးများ ပျက်စီးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက အတည်ပြုပြောသည်။

ထို့အတူ ယနေ့နံနက် ၂နာရီအချိန်ကလည်း ကလေးမြို့နယ် စော်ဘွားရေရှင်‌ရွာနှင့် အနီးရှိ ဇိုလင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်ထံက သိရသည်။

အဆိုပါဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် စော်ဘွားရေရှင် အမှတ်(၁)ရပ်ကွက်မှ အသက်(၄၀နှစ်) အရွယ် အမျိုးသမီးတဦး သေဆုံးပြီး ငါးဦးဒဏ်ရရှိကာ လူနေအိမ် ရှစ်လုံးမီးလောင်ပျက်စီးသွားပြီး ဇိုလင်းရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၊ခါမ်းပါတ်မြို့နှင့် ကလေးမြို့နယ်၊စော်ဘွားရေရှင်ရွာ တို့သည့် ကျေးရွာလေးရွာသာ ခြားကြောင်းလည်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၇ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသည့် ခါမ်းပါတ်မြို့အနီးမှ ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးလေးလုံးချ၍ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀လုံး ၊ စာသင်ကျောင်း နှစ်ဆောင်နှင့် ခရစ်ယာန်ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ဇန်နဝါရီလ ၉ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ