ပေါက်ကြားလာသော မှတ်တမ်းများက တရုတ်၏ ဆိုင်ဘာသူလျှိုစစ်ဆင်ရေးများကို ဖော်ပြ

India Defence

တရုတ်၏ ဆိုင်ဘာလုံခြုံရေး အစုအဖွဲ့နှင့် ချိတ်ဆက်သော တရုတ်ဆိုင်ဘာလုံခြုံရေးကုမ္ပဏီတရပ်ဖြစ်သည့် i-Soon မှ ပေါက်ကြားလာသော မှတ်တမ်းမှတ်ရာများက တရုတ်၏ ကျယ်ပြန့်သော ဆိုင်ဘာ သူလျှိုစစ်ဆင်ရေးများကို သက်သေသစ်များအဖြစ် ဖော်ပြလာခဲ့သည်။

ဟောင်ကောင်က ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် ဝီဂါအသိုင်းအဝိုင်းတို့ကို ပစ်မှတ်ထားရန် တရုတ်နိုင်ငံသည် ဟက်ကာများကို အသုံးချလျက်ရှိကြောင်း အဆိုပါ  မှတ်တမ်းများက ဖော်ပြသည်။

ထိုပြင် တရုတ်ဟက်ကာများ၏ အခြားသော ပစ်မှတ်မှာ အိန္ဒိယ၊ ဒါရမ်ရှာလာရှိ တိဘက်ပြည်ပရောက်အစိုးရဖြစ်ကြောင်း ယင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပေါက်ကြားလာသော မှတ်တမ်းများအရ တရုတ်သည် နိုင်ငံတကာနယ်စပ်များတလျှောက် အားနည်းသော အစုအဖွဲ့နှင့်  အုပ်စုများကို ပစ်မှတ်ထားသည့် မဟာဗျူဟာ ရှိနေကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် i-Soon ကုမ္ပဏီသည် အိန္ဒိယရှိ ဒလိုင်းလားမား၏ ရုံးကို ချိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲထားသည်။ i-Soon ကုမ္ပဏီ၏ အဓိကဖောက်သည်များတွင် တရုတ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့လည်း ပါဝင်နေသည်ဆို၍ ယင်းသည် ဆိုင်ဘာသူလျှိုမှုများ၌ နိုင်ငံတော်၏ ပါဝင်မှုကို ပြသနေသည်။

ယခု ပေါက်ကြားချက်အရ တရုတ်သည် ပြည်ပ၌ သူလျှိုလုပ်ငန်းများ လုပ်ဆောင်သည့် သမိုင်းကြောင်းအပေါ် ရေရှည်ဖြစ်တည်နေသော စိုးရိမ်ပူပန်မှုများအား တိုးပွားစေသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်လေပိုင်နက်ထဲ တရုတ် မိုးပျံပူဖောင်း ဝင်ရောက်ခဲ့ရာမှ တရုတ်နှင့် အမေရိကန်ကြား သံတမန်ဆက်ဆံရေး တင်းမာခဲ့ပြီး ယင်းကြောင့် အိန္ဒိယအပါအဝင် နိုင်ငံများအနေဖြင့် တန်ပြန်ထောက်လှမ်းရေး စွမ်းဆောင်ရည်များ မြှင့်တင်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။

ထိုပြင် တရုတ်သည် လွှတ်တော်အမတ်များ၊ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် စစ်ကန်ထရိုက်တာများအပါအဝင် အမျိုးမျိုးသော နယ်ပယ်ကို ပစ်မှတ်ထားနေကြောင်း အမေရိကန်နှင့် ဗြိတိန်တို့က စွပ်စွဲထားသည်။

ယင်းအတွက် တုံ့ပြန်ခြင်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

ထို စွပ်စွဲချက်များကို တရုတ်က ငြင်းဆန်လင့်ကစား တရုတ်အေဂျင်စီများနှင့်  ဆက်စပ်သည့် ဆိုင်ဘာတိုက်ခိုက်မှုများ မြင့်တက်နေကြောင်း အကဲဖြတ်များက မှတ်ချက်ပြုပြီး နိုင်ငံခြားအစိုးရများ၏ တုံ့ပြန်မှုများကို အကဲဖြတ်ရန် အားထုတ်ခဲ့သည်။

ယခု ပေါက်ကြားလာသော မှတ်တမ်းများ၏ ဖော်ပြချက်အရ တရုတ်ဆိုင်ဘာလှုပ်ရှားမှုများ ကျယ်ပြန့်လာခြင်းနှင့် နိုင်ငံတကာ လုံခြုံရေးနှင့် သံတမန်ဆက်ဆံရေတို့အပေါ် ဖြစ်လာနိုင်သော သက်ရောက်မှုများအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာရသည်။