မန္တလေးတွင် မှုခင်းသတင်းထောက်ရုံးကို လူအုပ်စုဖြင့် ဝင်ရိုက်၊ ၄ ဦး အပြင်းအထန်ဒဏ်ရာရ

007

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မှုခင်းသတင်းထောက်အသင်း(မန္တလေးတိုင်းရုံး)ကို မတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် လူအုပ်စုက တုတ်ဓားလက်နက်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့၍ လေးဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ရိုက်တဲ့အဖွဲ့ခေါင်းဆောင်က ပြည်ကြီးတံခွန်ဇိုးအဖွဲ့ လူမိုက်ခေါင်းဆောင် အောင်နိုင်ထွေးတဲ့၊ နှုတ်ခမ်း မွှေးလို့လည်းခေါ်ကြတယ်။ လူ ၅၀ လောက်ခေါ်လာပြီး ရုံးထဲတွေ့သမျှလူ အကုန်ရိုက်သွားတာ။ တိုင်း တာဝန်ခံအပါအဝင် လေးယောက် ပြင်းထန်ဒဏ်ရာနဲ့ ခုမနက်အထိ အရေးပေါ်(မန္တလေးဆေးရုံကြီးအရေး ပေါ်ကုသဆောင်) မှာ” ဟု အဆိုပါအသင်းနှင့်နီးစပ်သူတဦးကပြောသည်။

အခင်းဖြစ်ညက အဆိုပါရုံးအတွင်းသို့ လူ ၅၀ ခန့်ဝင်ရောက်ပြီး ‘မင်းတို့လား နေပြည်တော်မှုခင်းသတင်း ထောက်တွေ’ဟုအော်သံနှင့်အတူ ရိုက်နှက်သံများကြားခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အင်အား ၅၀ ခန့်ပါလူအုပ်ကြီးသည် ရုံးအတွင်း ညအိပ်တာဝန်ထမ်းဆောင်နေကြသည့် မှုခင်းသတင်း ထောက်များအား တုတ်ဓားလက်နက်များဖြင့် ရိုက်နှက်ခုတ်နှံခဲ့ရာ တိုင်းတာဝန်ခံဦးစောမန်းအပါအဝင် လေးဦး အပြင်းအထန်ဒဏ်ရာရပြီး ယနေ့အထိ မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း အဆိုပါ အသင်းနှင့်နီးစပ်သူများက ဆိုသည်။

လူအုပ်စုကိုဦးဆောင်သူမှာ ပျူစောထီးခေါင်းဆောင်ဖြစ်ကြောင်း ဒေသခံများကဆိုသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ပျူအုပ်စုနဲ့ မှုခင်းသတင်းထောက်အဖွဲ့က စားကျက်လုကြရာကနေ ဖြစ်ကြတာလို့ ပြောနေကြတာပဲ။ သတင်းထောက်တယောက်က နာရေးအိမ်ထဲထွက်ပြေးလို့ မဆီမဆိုင် နာရေးအိမ်ကလူနှစ်ယောက်ပါ ဓားခုတ်ခံရတယ်။ ပြတ်ရှဒဏ်ရာတွေနဲ့ အခုထိ အပြင်ဆေးခန်းမှာကုနေရတယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတဦးကပြောသည်။

ရုံးအတွင်းဝင်ရိုက်သည့်လူအုပ်သည် ရုံးသုံးကွန်ပျူတာ(Laptop) တလုံးနှင့် ဖုန်းခြောက်လုံးကို ယူဆောင် သွားကြောင်း မှုခင်းသတင်းထောက်အသင်း(မန္တလေးတိုင်းရုံး)က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မှုခင်းသတင်းထောက်အသင်း(မန္တလေးတိုင်းရုံး)က ဥပဒေလမ်းကြောင်းအရ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မှုခင်းသတင်းထောက်များအသင်းကို သတင်းမီဒီယာအဖွဲ့အစည်းအဖြစ်လက်မခံကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက ၂၀၁၈ ခုနှစ်တွင် သတင်းထုတ်ပြန်ခဲ့ဖူးပြီး၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီထံ သတင်းပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်းများကြောင့် မှုခင်း သတင်းထောက် ခြောက်ဦးထက်မနည်း အသတ်ခံထားရသည်။

စာတည်း။ ။စောဖေ