၂၂ ဘီးကားတွေနဲ့ သယ်လာတဲ့ တင့်ကား ရုပ်သံဖိုင် မြန်မာနိုင်ငံကမဟုတ်

ZZ (မဇ္ဈိမ) ။ ။ ၂၂ ဘီး ကုန်တင်ကားတွေနဲ့ သယ်လာတဲ့ တင့်ကားဟာ ကရင်ပြည်နယ် မြဝတီမြို့ကို သွားရောက်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

နေမင်းသား (Nay Min Thar) ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်တစ်ခုကနေ ဧပြီ ၁၈ ရက်နေ့မှာ “ချီလေတဲ့ ချီလေ၊ ကဲ မြဝတီ ၃ ရက်အတွင်း အရောက်တက်မည်။ ဒါ သိက္ခာနဲ့ တိုက်ပွဲ” လို့(မူရင်းအရေးအသားအတိုင်း) ရေးသားထားတဲ့ ရုပ်သံဖိုင်တစ်ခုကို ဖြန့်ဝေထားတာပါ။

ရုပ်သံဖိုင်ဟာတော့ ၂၂ ဘီးကားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးပြုတဲ့ တင့်ကားတစ်စီးစီ သယ်ဆောင်လာတဲ့ ကား ခြောက်စီး ဖြတ်သန်းသွားတာကို လမ်းဘေးကနေ ရိုက်ယူထားတဲ့ ဖိုင်ပါ။ ဘေးပတ်ဝန်းကျင်မှာတော့ ဆိုင်ကယ်၊ ကားတွေနဲ့ ဈေးဆိုင်တွေပါဝင်ပါတယ်။ ဈေးဆိုင် ဆိုင်းဘုတ်ကြော်ငြာမှာတော့ မြန်မာဘာသာစကားနဲ့ မဟုတ်ဘဲ ခမာဘာသာစကားနဲ့ ရေးထားတဲ့ ကြော်ငြာတွေ တွေ့ရပါတယ်။

ဒီရုပ်သံဖိုင်ကို ကြိုက်နှစ်သက်သူ ၃၀၀ ကျော်၊ မှတ်ချက်ပြုမှု ၁၀၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၇၀ နီးပါးရှိခဲ့ပြီး ကြည့်ရှုသူ ၁၉,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ထဲက ပုံကို ထုတ်ပြီး Google Image search မှာ စစ်ဆေးတဲ့အခါမှာတော့ ကမ္ဘောဒီးယားနိုင်ငံက ရုပ်သံဖိုင်ဖြစ်နေတာကိုတွေ့ရပါတယ်။

Cambo Military အမည်ရှိတဲ့ Youtube ချန်နယ်တစ်ခုက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရုပ်သံဖိုင်တစ်ခုကို ဖြန့်ဝေထားပြီး အဲ့ဒီရုပ်သံဖိုင်ဟာ နေမင်းသား ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်နဲ့ တူညီနေတာကိုတွေ့ရပါတယ်။

ရုပ်သံဖိုင်စာသားမှာတော့ ကမ္ဘောဒီးယားတော်ဝင်တပ်ဟာ တာဝန်များကိုပြီးဆုံးပြီးနောက် ခံတပ်ကို ပြန်လည်ရောက်ရှိလာပါပြီလို့ ခမာဘာသာစကားနဲ့ ရေးသားဖော်ပြထားတာပါ။ လင့် – http://surl.li/svffi

ရုပ်သံဖိုင်မှာ ပါဝင်တဲ့ တစ်တော့ အကောင့်အမည်ကို ရှာဖွေတဲ့အခါမှာ “chhay” ဆိုတဲ့ အကောင့်ကတခုကနေ ဒီဖိုင်ကို ဖော်ပြထားတာကိုတွေ့ရပါတယ်။ သူဖော်ပြထားတဲ့ ဖိုင်ရဲ့ မှတ်ချက်မှာလည်း မြန်မာ တစ်တော့ အသုံးပြုသူတွေက “သွားလှူတာလားဗျကချင်ကိုလှူတာလားကရင်ကိုလှူတာလားရခိုင်ကိုလှူတာလား” စသဖြင့် မြန်မာနိုင်ငံက ရုပ်သံဖိုင်လို့ မှတ်ယူပြီး မှတ်ချက်ရေးထားကြသလို ကမ္ဘောဒီးယားက ဖိုင်ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံက မဟုတ်တဲ့အကြောင်းကိုလည်း ပြန်လည်ရေးသားထားတာတွေ တွေ့ရပါတယ်။ တစ်တော့ အသုံးပြုသူရဲ့ အကောင့်ထဲ ဝင်ကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံက မဟုတ်ဘဲ ကမ္ဘောဒီးယား နိုင်ငံသုံး ခမာ ဘာသာစကားနဲ့ ရေးသားပြီး အသုံးပြုနေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် မြဝတီကို ၃ ရက်အတွင်း ရောက်မယ့် တင့်ကားရုပ်သံဖိုင်ဟာ မြန်မာနိုင်ငံက ရုပ်သံဖိုင် မဟုတ်ဘဲ ကမ္ဘောဒီးယား နိုင်ငံက ကူးယူဖော်ပြထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။