ဗီလာနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးတဲ့ အမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။

စပိန်နိုင်ငံသားနည်းပြဟာ ၂၀၂၂ နိုဝင်ဘာလမှာ စတီဗင်ဂျရတ်ထံမှ လွှဲပြောင်းရယူခဲ့ချိန် ဗီလာဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၆ ဖြင့် ရပ်တည်ခဲ့ကာ တန်းဆင်းဇုန်မှာ တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။

ဒါပေမယ့် ထူးထူးခြားခြား အလှည့်အပြောင်းဖြစ်ပြီးနောက် အသက် ၅၂ နှစ် အမ်မရီဟာ ဗီလာကို ၂၀၁၀-၁၁ နောက်ပိုင်း ဥရောပဘောလုံးလောကမှာ ကလပ်ရဲ့ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုဖြစ်တဲ့ ကွန်ဖရင့်လိဂ်ဝင်ခွင့်အတွက် အဆင့် ၇ နေရာကို  ပို့ဆောင်ပေးခဲ့ပါတယ်။

သူတို့ဟာ ဒီနှစ်ရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်နဲ့အတူ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာက ရပ်တည်နေပါတယ်။ သူတို့ဟာ နှစ်ပွဲကျန် တော့တင်ဟမ်ကို ၆ မှတ်ဖြတ်ထားပါတယ်။

ဥရောပပြိုင်ပွဲမှာ သူ့ရဲ့ကျွမ်းကျင်မှုဖြင့် ကျော်ကြားသူ အမ်မရီဟာ ဗီလာကို ကွန်ဖရင့်လိဂ်မှာ ဆီမီးဖိုင်နယ်ကိုလည်း ပို့ဆောင်ပေးခဲ့ပြီး သူတို့ဟာ ၁၉၈၂ နောက်ပိုင်း ပထမဆုံး ဥရောပဖိုင်နယ်ကို တက်လှမ်းဖို့ မျှော်လင့်ချက်နဲ့အတူ ဂရိကလပ် အိုလံပီယာကို့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အမ်မရီဟာ ၂၀၂၁ မှာ ဗီလာရီးယဲလ်နဲ့လည်း ဆုဖလား မကိုင်မြှောက်ခင် ဆီဗီလာအသင်းနဲ့အတူ သုံးရာသီဆက်တိုက် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

သူဟာ အာဆင်နယ်အသင်းကို ၁၈ လကြာ တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ဂန်းနားတို့ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နဲ့ ပြီးဆုံးပြီး ချယ်လ်ဆီးကို ရှုံးခဲ့တဲ့ ၂၀၁၉ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် မအောင်မြင်ဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ပါတယ်။