မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အဖွဲ့များကြား တရုတ် ဖျန်ဖြေမှုသည် ကိုယ်ကျိုးအတွက်သာဖြစ်

ANI

မြန်မာစစ်အစိုးရနှင့် မြောက်ပိုင်းနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းပေးသော တရုတ်၏ ကြိုးပမ်းမှုသည် ကိုယ်ကျိုးစီးပွားအတွက်သာဖြစ်ကြောင်း ဒေသတွင်း ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ သို့သော် တရုတ်၏ ကြိုးပမ်းမှုသည် ပဋိပက္ခအပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ တွင် ကူမင်းမြို့ ၌ ကျင်းပခဲ့ခြင်းမှာ တရုတ်တွင် ရည်မှန်းချက် နှစ်ပိုင်း ရှိ ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကုန်သွယ်မှုတည်ငြိမ်စေရန်နှင့် တရုတ်နိုင်ငံသားများ ကို ထိခိုက်စေသော ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများအား ဖယ်ရှားရန် တရုတ်က ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

“ပဋိပက္ခကြောင့် စီးပွားရေး အကျိုးစီးပွား ဒါမှမဟုတ် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှာ သေချာပါတယ်” ဟု Stimson Center မှ တရုတ်အစီအစဉ် ၏ ဒါရိုက်တာ ယွန်းဆန်း က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ “ဒါပေမယ့် အဲဒါက ဆိုက်ဘာလိမ်လည်မှုနဲ့ ယှဉ်ရင် အသေးအဖွဲ စဉ်းစားစရာပါ။ အနှေးနဲ့အမြန် ပြီးနိုင်လေလေ အပစ်အခတ်ရပ်စဲရေးက မြန်လေလေ၊ တည်ငြိမ်မှု မြန်မြန်ပြန်ရလေလေ” ဟု ယွန်းဆန်း က ပြောသည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား စစ်ရေး ပဋိပက္ခကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ဆုံးရှုံးနေကြောင်း ပြည်တွင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ယင်းဆုံးရှုံးမှုသည် တရုတ်ထက် မြန်မာ ဘက်တွင် ပိုထိခိုက်ကြောင်း ၎င်းက ပြောသည်။

“နယ်စပ်ဒေသက ကုန်စည်စီးဆင်းမှုက တရုတ်ရဲ့ နိုင်ငံတကာ စီးပွားရေး ဆက်ဆံမှုနဲ့ ယှဉ်ရင် အများကြီး မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံ က ပိုထိခိုက်တယ်” ဟု ၎င်းက ဆိုသည်။ ဒေသတွင်းတည်ငြိမ်မှုရရှိရေး နှင့် ပြဿနာများဖြေရှင်းရေး မူဝါဒအရ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များကို တရုတ်က သတိထားကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အခြေအနေကို အတက်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး တင်းမာမှုများကို ဖြေလျှော့ပေးနိုင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း မှ ပဋိပက္ခများကို ညင်ညင်သာသာဖြင့် အဆုံးသတ်ရန် နှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေး ကို အကာအကွယ်ပေးနိုင်ရေး အတွက် ခိုင်ခိုင်မာမာ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း” တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်၏ အဓိက စိုးရိမ်မှုသည် မြန်မာ စစ်ကောင်စီနှင့် တိုင်းရင်းသား အဖွဲ့များကြား နယ်မြေထိန်းချုပ်ရေး ပြဿနာကို ဖြေရှင်းရန် မဟုတ် ကြောင်း နှင့် စိန်ခေါ်မှု များရှိနေသော နယ်စပ်ရှိ ဆိုက်ဘာလိမ်လည်မှု များကို နှိမ်နှင်းရန် ဖြစ်ကြောင်း ယွန်းဆန် ကပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် အောက်တိုဘာ နှောင်းပိုင်းတွင် ကြီးကြီးမားမား ထိုးစစ်များ စတင်ခဲ့ပြီးနောက် မြောက်ပိုင်းနယ်မြေအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးမှာလည်း အရှိန်အဟုန်ဖြင့် ပြင်းထန်လာခဲ့ကြောင်း VOA တွင် ဖော်ပြထားသည်။

“ဥပမာပြောရရင် တရုတ်က ကျွဲနှစ်ကောင် တိုက်နေတာကို တောင်ပေါ်က ထိုင်ကြည့်နေတဲ့ ကျားတစ်ကောင်လိုပါပဲ။ သူတို့က အနိုင်ရတဲ့ အဖွဲ့နဲ့ ပူးပေါင်းမှာပါ။ တရုတ် က လက်ရှိ နိုင်ငံတကာ ဆက်ဆံရေး မူအရ ဒီပဋိပက္ခမှာ ဘယ်ဘက်ကမှ ဝင်မပါပါဘူး။ အာဏာရှိလာတဲ့သူတိုင်းနဲ့ တရုတ်က ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အာဏာ အပြောင်းအလဲရှိရင်တောင် တရုတ်က အာဏာ ရလာတဲ့ သူတွေနဲ့ဘဲ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

မြန်မာအရေးတွင် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများကို တရုတ်က မလိုလားကြောင်း ၎င်းက ပြောသည်။ “ဒီကိစ္စတွေမှာ အနောက်ဒီမိုကရေစီ အင်အားစုတွေရဲ့ ပါဝင်ပတ်သက်မှုကို တရုတ်က နည်းမျိုးစုံနဲ့ တားဆီးသွားမယ်လို့ ကျွန်တော် ယုံတယ်။” ဟု ၎င်း က ဆက်ပြောသည်။ မြန်မာတိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့များသည် ၂၀၂၃ တွင် စစ်အစိုးရ အုပ်ချုပ်နေသော အဓိက မြို့ကြီးများကို သိမ်းယူနိုင်ခဲ့ကြောင်း New York Times က ဖော်ပြသည်။ ၂၀၂၃ အောက်တိုဘာ တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ စတင်ခဲ့ပြီး မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့သော မဟာမိတ်အဖွဲ့၏ အစောပိုင်း အောင်မြင်မှုများသည် မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့များအတွက် တွန်းအားတစ်ခု ဖြစ်ခဲ့သည်။ အထူးသဖြင့် ရှမ်းပြည်နယ်သည် နိုင်ငံ၏ နယ်မြေ ၄ ပုံ ၁ ပုံနီးပါး ကို လွှမ်းခြုံထားသည့် အကြီးဆုံး ပြည်နယ်ဖြစ်သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က စစ်ဆင်ရေး ၁၀၂၇ ကို ကြေငြာပြီးနောက် အောက်တိုဘာ ၂၇ တွင် စတင် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ကောလင်းမြို့နှင့် အနောက်ဘက်ခြမ်းရှိ ခမ်းပက်မြို့တို့ကို ၂၀၂၃ နိုဝင်ဘာ အစောပိုင်း တွင် သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များ က မဲဆယ် ရှိ စစ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့များသည် ၂ နှစ်တာ ကာလအတွင်း နိုင်ငံအနှံ့ နေရာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း The New York Times ကဖော်ပြထားသည်။ သို့သော် အဆိုပါအဖွဲ့များသည် သိမ်းပိုက်ထားသော နယ်မြေများ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့်သာ လည်ပတ်နေကြပြီး နိုင်ငံတစ်ဝှမ်းတွင် ကွဲပြားသော နယ်မြေအုပ်ချုပ်မှုများ ရှိနေသည်။ ညီနောင်မဟာမိတ် အဖွဲ့၏ အောင်မြင်မှုသည် တော်လှန်ရေး လှုပ်ရှားသူများအတွက် အားပေးမှု တစ်ခုဖြစ်နေသည်။