နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၄ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

  • တော်လှန်ရေးနိုင်ပြီးသည့်တိုင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပီပီပြင်ပြင် မီးရှုး သန့်စင်မွေးဖွားလာရေး စပ်ကူးမတ်ကူးကာလတခုကို မဖြစ်မနေ ကျော်ဖြတ်ရအုံးမည်ဖြစ်ပြီး ယင်းကာလကို အသွင်ကူးပြောင်းရေးကာလဟုခေါ်ကာ NUG အစား T-NUG ပေါ်ပေါက် လာမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောသည်။
  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ ခမရ (၃၆၇၊ ၃၆၈)နှင့် ပျူစောထီး ပူးပေါင်းအင်အား ၆၀ နေသော စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား၁၁ဦးသေပြီး လက်နက်တွေရခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေး ကို မေ ၁၄ ရက် ပြုလုပ်ခဲ့ကြသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို မေ ၁၃ ရက် ကပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • မဏိပူရ်ပြည်နယ်တွင်ရှိသည့် မြန်မာဒုက္ခသည်များကို အဓမ္မ ပြန်ပို့မည့်အစီအစဉ် ချက်ချင်း ရပ်ဆိုင်းရန်နှင့် ဒုက္ခသည်များကို အန္တရာယ်ဖြစ်စေနိုင်သောနေရာများကို အတင်းအကြပ် ပြန်မပို့ရေးဆိုသည့် နိုင်ငံတကာ သ ဘောတူညီချက်ကို လေးစားသမှုရှိရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (ICJ) က အိန္ဒိယနိုင်ငံကို တောင်း ဆိုလိုက်သည်။
  • စစ်ဘေးရှောင်ပြည်သူထောင်ချီရှိနေသည့် မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားကြီးအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ရှောင်ကျောင်းဆရာ မတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာရှိ ဒေသခံပြည်သူများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိထားသူများအနက် အမျိုးသားတစ်ဦးမှာ ယနေ့နံနက်တွင် ထပ်မံသေဆုံးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် တကြော့ပြန် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာလကနေ ၂၀၂၄ မေလအထိ မြို့မဈေးကြီး ၃ခုနှင့် ဈေးတန်းများ မီးလောင်ပြာကျခဲ့ရကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
  • ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်များအကြား သုံးလနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိရာမှ မေလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံမှ သိရသည်။
  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း ကွယ်လွန်ခြင်းအပေါ် အထူးဝမ်းနည်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်သည်။
  • ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း နှစ်ခုနှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း တစ်ခုတို့ကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိပြီး မေလ ၁၃ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရှင်းထုတ်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
  • ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) အုပ်ချုပ်နယ်မြေများအတွင်း အွန်လိုင်းငွေလိမ်သူ (ကျားဖြန့်လုပ်ငန်း) များ လက်ခံထားလျှင် အလုပ် ကြမ်းနှင့်ထောင်ဒဏ်ချမည့်အပြင် ခိုလှုံခွင့် ပေးထားသည့်နေရာအား ပြည် သူပိုင်သိမ်းမည်ဖြစ်ကြောင်း SSPP/SSA ဒုဥက္ကဋ္ဌ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းက ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
  • ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းအုပ်စု၊ ရွာလေးကုန်းကျေး ရွာတွင် ယမန်နေ့ညပိုင်း၌ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • အကြမ်းဖက် စစ်ကောင်စီ၏ အကျဥ်းထောင်များအတွင်း သောက်ရေသုံးရေမလုံလောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး တချို့ထောင်များ၌ ထုံးဓာတ်များသည့်ရေနှင့် နုန်းအနယ်များ ပါသော ရေများကို သောက်နေရကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)က ထုတ်ပြန်သည်။
  • ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မြေပြင်တိုက်ပွဲများ၌ စစ်ကောင်စီအထိနာနေစဉ် အရပ်သား များရှိနေသည့် အောက်နတ်မော်ကျေးရွာကို AA ထောက်ခံသည့်ရွာဟုဆိုကာ ဖျက်ဆီးပစ်ရန် စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများ၌ လှုံ့ဆော်နေကြကြောင်း People’s Spring သတင်းတွင် ဖော်ပြထားသည်။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ထိုးစစ်များ ကြောင့် နိုင်ငံတဝှမ်း ထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်နေရသော်လည်း လာမည့် အောက်တိုဘာတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည်ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ယမန်နေ့၌ တွေ့ဆုံစဉ် ပြောသည်။
  • ပင်လယ်ရေ‌ကြောင်းမှတဆင့် ‌ဆန်တန်ချိန် ၁၈,၀၀၀ကျော်နှင့် ပြောင်းဆံ တန်ချိန်၂၃၀,၀၀၀ ကျော်တင်ပို့မည် ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
  •  အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေး ကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်တွေ့ ဆုံစဉ် ပြောဆိုသည်။

မေ ၁၄ ရက် သုံးသပ်ချက်

  • စစ်ကောင်စီက နိုင်ငံအနှံ့ ထိန်းချုပ်နယ်မြေအများ အပြားလက်လျှော့နေရသော်လည်း လေမလျှော့သေးဘဲ ပြည်လုံးကျွတ်သန်းခေါင်ဆောင်စာရင်းကောက်ပြီး ရွေးကောက်ပွဲလုပ်မည်ဟု ပြောဆိုနေသည်။ယင်းလုပ်ရပ်များသည် နိုင်ငံတကာနှင့် ပြည်သူကို ဗြောင်လိမ်ပြီး အာဏာကို ဆက်လက်ရယူရန် အကြောင်းပြချက်ပေးရန်သာဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။