အမ်းရှိ တောဟိန်းတောင် ဗျူဟာကုန်းတဝိုက် တိုက်ပွဲပြင်းထန်

ဓါတု

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ရှိ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်း၌ ယနေ့(ဧပြီလ ၂၉ ရက်) တရက်လုံး တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော အဆိုပါ တောဟိန်းတောင်ဗျူကုန်း တိုက်ပွဲသည် ယမန်နေ့များထက် ပြင်းထန်ကြောင်းလည်း ပြောသည်။

“အတွဲလိုက်ဒုံးတွေနဲ့ ပစ်တာရော၊ နှစ်ဘက်လုံးဘက်က လက်နက်ကြီးတွေနဲ့ပစ်တာ အချက် ၅၀ လောက်ရှိပြီပစ်သံကြားနေရတာ” ဟု ကဇုကိုင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ရရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခြင်း မရှိသေးပေ။

ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်း တဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကဇူးကိုင်းတောဟိန်းတောင် ဗျူဟာကုန်းတွင် ရဟတ်ယာဥ်ကွင်းနှစ်ကွင်း ပါရှိပြီး နပခတိုင်းစစ်ဌာနချုပ်ကို ကာကွယ်ရန် စစ်ကောင်စီအတွက် အရေးပါသော ဗျူဟာကုန်းများအနက် တခုဖြစ်သည်။

မတ်လ ၂၄ ရက်မှစ၍ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင် ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ ကဇုကိုင်းရှိ ပွိင့် (၂၉၉) စခန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တို့ကို AA က တပြိုက်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

စစ်ရေးသတင်းရင်းမြစ်တခု၏ အဆိုအရ တောဟိန်းတောင် ဗျူဟာကုန်းမှ အင်အား ၆၀၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နီးစပ်ရာ ကျေးရွာများကို လူစုကွဲကာ အလျှိူလျှိူ ထွက်ပြေးနေကြကြောင်း သိရသည်။

“တောဟိန်းတောင် ဗျူဟာကုန်းကို AA ဘက်က ရခါနီးနေပြီ။ စစ်ကောင်စီဘက် က အသေအဆုံးများတာတွေ ရှိတယ်” ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်း မြစ်တခုက မဇ္ဈိမကို ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ရှိ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ရမ်းဗြဲအပြင် ရခိုင်နှင့်ထိစပ်နေသော ချင်းပြည်နယ်ရှိ ပလက်ဝဒေတို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထိုသို့မြို့ကိုးမြို့ကို သိမ်းပိုက်ထားသော AA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် နပခဌာချုပ်ရှိရာ အမ်းမြို့အပြင် ရခိုင်တောင်ပိုင်းက သံတွဲမြို့တို့ကိုလည်း သိမ်းနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

စစ်သည်အင်အား ၄၀,၀၀၀ ကျော် ရှိသော အာရက္ခတပ်တော် (AA) က ရခိုင်ပြည်တခုလုံး လွတ်မြောက်အောင် စစ်ကောင်စီတပ်စခန်း တခုမကျန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မတ်လ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စာတည်း။ ။ နောင်နောင်