နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၉ ဧပြီ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

  • မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်ကောင်စီအတွက် စစ်လက်နက် ထောက်ပံ့ပေးမှုများ ရပ် ဆိုင်းရန် အမျိုးသားညီ ညွတ် ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဧပြီ ၂၈ ရက်က South China Morning Post သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
  • ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ပေါ်ပေါက်လာရေး၊ ခိုင်မာဖြစ်ထွန်း လာရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေး အောင်မြင်သည် အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်က ပြောသည်။
  • ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၆ ရက်တွင် ပြုလုပ်ခဲ့ရာ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက လုပ်ငန်း ဆောင်ရွက် ချက်များ နှင့် ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
  • ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ယမန်နေ့ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။
  • မြဝတီမြို့သို့ လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဒေါန တောင်‌ပေါ်သို့ စတင်တက်ရောက်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေသည်ဟု Special Operation Group – SOG စစ်ကြောင်းမှူး စောအောင်၏ ပြောဆိုချက်ကို ကိုးကားပြီး People’s Spring သတင်း ဌာနတွင် ဖော်ပြသည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို ဧပြီ ၂၈ ရက်၊ နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က ကလေးမြို့နယ် တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး အရေး ယူထားကြောင်း သိရသည်။
  • ပထမအကြိမ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် လူငါးဦး သေဆုံးခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို ယမန်နေ့ ဧပြီ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီ တပ်က လေ ကြောင်းမှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ဆလိုင်းယောမန်က မဇ္စျိမ ကိုပြောသည်။
  • အမှတ် ၁ စစ်ဒေသရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တပ်ခွဲ တစ်ခွဲစာကို တော်လှန်ပြည်သူများ၏ ထောက်ပံ့မှုဖြင့် ယူနီဖောင်းများ တပ်ဆင်ပေးသည့် အခမ်းအနား ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ မြပုလဲ စက်သုံးဆီ အရောင်းဆိုင်တွင် တပ်စွဲ ထားသည့် စစ်ကောင်စီ အထိုင်စခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ဝိုင်း ဝန်း ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် အမှတ် (၉) တပ်ရင်း Famers Revolution Force 2 က ယနေ့ ဧပြီ ၂၈ ရက်တွင်ထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်းတွင် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၁၀၃ ရက်မြောက်နေ့ အဖြစ် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း နှင့် ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ယနေ့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို ဧပြီ ၂၈ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာနှင့် တပ်ရွာ အကြားကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဧပြီ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ် ရဲစခန်းကို ဧပြီ ၂၈ ရက်၊ ည ၇ နာရီခွဲခန့်က ၄၀ မမ ဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (Dark Shadow)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာမှူး အဆင့် အရာရှိ အထိုင်ချ တပ်စွဲထားသော စစ်​ကောင်စီ သတ္ထုပစ္စည်းစက်ရုံကို ဧပြီ ၂၈ ရက်၊ ည ၉ နာရီကျော်ခန့်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက် ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။
  • အကြမ်းဖက် စစ်ကောင်စီက အဓမ္မစစ်မှုထမ်းရေးအတွက် ဒုတိယအသုတ် ထပ်မံခေါ်ယူရန် စာရင်း လိုက်လံကောက်ယူနေပြီး အဓမ္မ စစ်မှုထမ်းဥပဒေသည် တစ်နေ့ထက် တစ်နေ့ လူထုကို ခြိမ်းခြောက် လာနေသည်ကို မေ့ထားလို့ မရကြောင်း Alliance of Students’ Unions Yangon – တကသ များ ရန်ကုန်က ထုတ်ပြန်သည်။
  • မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ရုံးစည်ကြီးရွာ နှင့် ပျူစောထီးများ လိုက်ပါလာသောကားကို ဧပြီ ၂၃ ရက်၊ ညနေ ၆ နာရီခွဲခန့်က တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင် ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဧပြီ ၂၂ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှင့် ပျူစောထီး ၈ ဦး သေဆုံး ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။
  • မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် အင်အား ဖြည့်တင်းရန် လာသည့် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ကားကို ဧပြီ ၂၇ ရက်၊ ညနေပိုင်းက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြော သည်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် ဧပြီ ၂၇ ရက်က မုဒိမ်းကျင့် သတ်ဖြတ်ခံထားရသည့် အမျိုး သမီးတစ်ဦး၏ ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ရဲစခန်း နှင့် စစ်စခန်းကို ဧပြီ ၂၈ ရက်၊ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာတွင် အကြမ်းဖက်စစ်တပ် ထောင်ထားသည့် မိုင်း ၁၀၀ ကျော်ကို ဒီမော့ဆိုမြို့နေ ပြည်သူတစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်အရွယ် ဦးဖိုးဇော်က ရှင်းလင်းပေးနိုင်ခဲ့သည်ဟု ဖက်ဒရယ် FM က ဖော်ပြခဲ့သည်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်း နှင့် ကော့ပလိုင်း ကျေးရွာမှ ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို ဧပြီ ၂၇ ရက်က လမ်းဘေးစွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ် အကြမ်းဖက် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်က ရဲဘော်တစ်ဦး ဧပြီ ၂၅ ရက်တွင် ကျဆုံးခဲ့သည်ဟု ပြည်သူ့လွတ်လပ်‌ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေး တပ်တော်က ယနေ့ သတိပေး ထုတ်ပြန်သည်။
  • တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာရှင် တော် လှန်ရေး ဆန္ဒပြပွဲနှင့် တော်လှန်ရေး ရန်ပုံငွေ ခြင်းလုံး ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇)နယ်မြေ၊ ဘားအံခရိုင်၊ မာနယ်ပလောဒေသရှိ ခြေကုပ်စခန်းတခုကို ဧပြီ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့က စွန့်ခွာသွားကြောင်း တပ်မဟာ (၇) သတင်းရင်းမြစ်များထံက သိရသည်။
  • မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများဖြင့် ဧပြီ ၂၇ ရက်၊ ည ၁၀ နာရီ ခန့်က ပစ်ခတ်၍  ပြည်သူတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း KNU ဗဟိုက သ တင်းထုတ်ပြန်သည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းတွင် အပြီး သတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ အများ အပြား သေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်း တိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးမှာမူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူလူထုအပေါ် ဗုံးကျဲတိုက်ခိုက်မှု ဖြစ်ပွားစေရန် အကြမ်းဖက် စစ် ကောင်စီ အပါအဝင် ၎င်းတို့ နှင့် ပူးပေါင်းဆောင်ရွက်သည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ချင်းပြည် (Chinland) အစိုးရ အနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ချင်းပြည်အစိုးရက သတိပေး ထုတ်ပြန်သည်။
  • ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဧပြီ ၂၇ ရက်က လက်နက် သိမ်းဆည်းမှုနှင့်  ပတ်သက်ပြီး မဟာမိတ်ကိုးကန့်တပ် (MNDAA) နှင့် TNLA တို့ကြား မြေပြင်ဆက်ဆံရေး တင်းမာနေသည်ဟု ဒေသခံ များက ပြောသည်။

စစ်ကောင်စီ

  • မြန်မာ နှင့် ရုရှားနိုင်ငံအကြား သတင်းအချက်အလက် လုံခြုံရေး  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်သည် ယခုနှစ်မှစ၍  အသက်ဝင်မည်ဟု ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sergey Vershinin က ၁၂  ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာန ဖြစ်သော Tass သတင်းတွင် ဖော်ပြသည်။
  • မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး အရှက်သိက္ခာ ကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့တယ်ဆိုသည့် “စောင့်ပက်” တေးသီချင်းဗီဒီယို နှင့် “စကားလေးတစ်ခွန်းပဲဖြေချစ်လား” တေးသီချင်းဗီဒီယိုများနှင့် ပတ် သက်ပြီး သက်ဆိုင်သူများကို ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူဆောင်ရွက်နေသည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
  • လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံရန် ကန်ဒေါ်လာ ၁ ဒသမ ၂၁၅ ဘီလီယံ (ရာခိုင်နှုန်း ၄၀ ကျော်) အထိ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန် ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
  • ၂၀၂၀ ပြည့်နှစ်ကစပြီး မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ရာခိုင်နှုန်း ဆက်တိုက်မြင့်တက်လာကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သော ၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သား အင်အား ခန့်မှန်းစာရင်းအင်းများ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
  • ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ပြောသည်။
  • ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် YBS ယာဉ်မောင်းများ အနေ ဖြင့် ယာဉ်မောင်းနှင်နေစဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ ဖုန်းပြောခြင်းများကို စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေး ငွေ (၃၀၀၀၀) ဒဏ်ရိုက် မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ထံမှ သိရသည်။
  • (၅၉ )ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင်ကျောက်မျက် ရတနာအတွဲပေါင်း ၅၁၁၀ တွဲ ရောင်းချသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေး ကော်မတီက သိရသည်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်တပ် ၂၇၅ သို့ ဧပြီ ၂၉ ရက်က စပြီး စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် သယ်ယူ ပို့ဆောင်ရေးများ စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို စစ်တပ်က ဧပြီ ၂၀ ရက်က စတင် ကာ ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေပြီး ရိက္ခာ ပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံနေကြောင်း ဒေသခံ ပြည်သူ များက ပြောသည်။
  • စစ်ကောင်စီက  ခြေမြန်တပ်မဌာနချုပ် အမှတ်(၄၄) ၏ တပ်မမှူးနေရာကို စစ်တက္ကသိုလ် အပတ်စဥ် ၄၁ မှ ဗိုလ်မှူးကြီး ညီညီဦးကို ခန့်အပ်လိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ဧပြီ ၂၉ ရက် သုံးသပ်ချက်

  • စစ်ကောင်စီက လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အများဆုံးခွင့်ပြုပေးခဲ့သည်ဆိုသော်လည်း နိုင်ငံ တစ်ဝန်း နေ့စဉ်လျှပ်စစ်မီး ပြတ်တောက်မှုများကို ပြည်သူများ ဆိုးရွားစွာ ခံစားနေရပြီး လျှပ်စစ်မီး လုံ လောက်အောင် မပေးနိုင်သည်ကို တွေ့ရသည်။
  • ကချင်ဒေသတွင် စစ်ကောင်စီတပ်များသည် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် KIA အပေါ် စစ်ရေးရှုံးနိမ့်မှုများနေပြီး ယခုလည်း စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို သိမ်းပိုက်နိုင်ပြီး တပ်ရင်းမှူး ကိုပါ အရှင်ဖမ်းမိနိုင်သည့်အထိ KIA တပ်များ၏ စစ်ရေးအာသာနေသည်ကို တွေ့ရသည်။