ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျ

တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ (Photos- PDF – Zophai)

ပါခွီး

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မိုင်နွဲကျေးရွာအနီး ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ် PDF – Zophai မှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အခြားတပ်ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားကြောင်း တပ်ရင်းမှူး ဒေးဗစ်က မဇ္စျိမကို ပြောသည်။

ကျဆုံးသူ သုံးဦးမှာ ရဲဘော် လားလ်ချန့်သန်ဒန်မာ ၊ ရဲဘော် ဗန်လားလ်းရင်းငါနှင့် SR6 တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဧပြီလ ၂၇ရက်နေ့တွင် ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ကချတဲ့ ဒရုန်းကြောင့် ရဲဘော်သုံးဦးကျဆုံးခဲ့ရတာပါ ၊ ကတုတ်ကျင်း တူးနေတဲ့အချိန်မှာ ထိသွားတာ” ဟု PDF – Zophai မှ တပ်ရင်းမှူး ဒေးဗစ် က မဇ္စျိမကို ပြောသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်နှင့် ထိစပ်နေသော မိုင်နွဲကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ ယင်းနေရာတဝိုက်တွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိတ်ကို မသိရကြောင်း တပ်ရင်းမှူးဒေးဗစ်က ပြောသည်။

မိုင်နွဲကျေးရွာနှင့် ထိစပ်နေသော ကလေးမြို့နယ်ဘက်ခြမ်းရှိ ယောက်ချိုကွင်း ၊ နန်းချောင်း ၊ ပျဥ်းခုံးကြီးတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ‌ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ရှိနေသည်။

စာတည်း။ ။ နောင်နောင်