မင်းတပ်မြို့ လူမရှိသည့်အိမ်များ၌ စစ်ကောင်စီတပ်က ဗုံးများဆင်ထားခဲ့၍ လူရှိလျှင်ပြန်ဖြုတ်ပေးမည်ဟုဆို

မင်းတပ်မြို့ (၃)မိုင်ဘက်ခြမ်းရှိ နေအိမ်များ။

မဇ္ဈိမ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၄)တပ်ရင်းအနီး လူမရှိသည့်နေအိမ်များထဲ၌ စစ်ကောင်စီတပ်များက ဗုံးများဆင်ထားခဲ့ပြီး လူပြန်လာသည့်အခါ ဆင်ထားသည့်ဗုံးများကို ပြန်ဖြုတ်ပေးမည်ဟု အိမ်များတွင် စာကပ်ထားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များမှ ဗုံးများဆင်ထားသည့်နေအိမ်များမှာ မင်းတပ်-မတူပီကားလမ်းမတလျောက်ရှိ ခလရ (၂၇၄)တပ်ရင်းအနီး လူမရှိသည့်နေအိမ်များ၊ (၃)မိုင်ဘက်ခြမ်းရှိနေအိမ်များ၊ တက္ကသိုလ်ကုန်းအနီးရှိ နေအိမ်များတွင် ဗုံးများဆင်ထားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

‘’ကျွန်တော်တို့နေရာတွေမှာ ခဏခဏတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ မနေရဲတော့ဘူး၊ တခြားမှာစစ်ဘေးရှောင်နေတယ်။ အခုပြန်လာတော့ အိမ်အပေါက်ဝမှာစာကပ်ထားပြီး ဗုံးဆင်ထားတာ။ လူပြန်လာနေမယ်ဆိုရင် ပြန်ဖြုတ်ပေးမယ်တဲ့ ၊ (၂၇၄)တပ်ထဲကို လာအကြောင်းကြားလို့ ပြောလို့ သွားအကြောင်းကြားတဲ့အခါကျတော့ ဗုံးဆင်ထားတဲ့သူမရှိဘူး ဖြုတ်လို့မရဘူးဆိုပြီး ပြန်လွတ်လိုက်ကြတယ်’’ဟု ဒေသခံများထံက စုံစမ်းသိရရှိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့်ဒေသခံကာကွယ်ရေးတပ် နှစ်ဘက်တိုက်ပွဲ စတင်ဖြစ်ပွားသည့်အချိန်ကနေ သုံးနှစ်နီးပါးအထိ မင်းတပ်မြို့ပေါ်က ပြည်သူအများစု နေရပ်ကို မပြန်နိုင်ကြသေးဘဲ ရွာဘက်ခြမ်း၊ ယော၊ ကျောက်ထု၊နှင့်မြို့ကြီးများတွင် တိမ်းရှောင်နေထိုင်ကြခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)