ကျင်းဒွေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

ကန်ပက်လက်မြို့အနီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ရဲဘော်များ မြင်တွေ့ရစဥ်(ဓါတ်ပုံ – CDF – Kanpetlet)

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်းဒွေးမြို့ကို လေးလ ကျော်ကြာတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့ တာဝန်ရှိသူက ယနေ့( ဧပြီလ ၃၀ရက်) မနက်တွင် မဇ္စျိမကို ပြောသည်။

“ကျနော်တို့ ကျင်ဒွေးမြို့ကို မနေ့ကတည်းကသိမ်းပိုက်ရရှိပြီးပါပြီ ၊ မကြာခင် တရားဝင်ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ချင်းညီနောင် အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြေပြင်ရှိသတင်းအချက်အလက်များစုစည်းနေပြီး မကြာမီတိတိကျကျနှင့် အခြေအနေအသေးစိတ်များကို ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

ကျင်းဒွေးမြို့ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှစတင်ပြီး CDF နှင့် PDF တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ လေးလအကျော် ယမန်နေ့ (ဧပြီလ ၂၉ရက်)တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ်တိုက်ခိုက်မှု၌ စခန်းရလုနီးအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုနှင့် အတူ စစ်ကူအင်အားများဖြည့်တင်းခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ခဲ့ရသည်။

ယင်းနောက် ၂၀၂၄ခုနှစ် မတ်လ ၇ရက်နေ့၌ “ချင်းညီနောင်” စစ်ဆင်ရေးအမည်ဖြင့် ချင်းညီနောင်တပ်ဖွဲ့များနှင့် အာရက္ခတပ်တော်(AA) အပါအဝင် မဟာမိတ်များနှင့်အတူ မြို့ကို ပတ်လည်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ဖြစ်သော ကျင်းဒွေးမြို့သည် စစ်ရေးမဟာဗျူဟာအရ အရေးပါသော နေရာတခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်ကလည်း မြေပြင် ဝေဟင်မှအင်အားဖြည့်တင်းမှုများ ၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံ ကာကွယ်ခဲ့ကြောင်း ချင်းညီနောင် တာဝန်ရှိသူက ပြောဆိုခဲ့သည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ ချင်းအမျိုးသား အဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသား ကောင်စီ(မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF – Matupi တပ်မဟာ(၁) တို့ ပါဝင်ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)