ပွင့်လင်းရာသီအလွန် စစ်ကောင်စီရဲ့ ဝိုးတဝါးနေ့စွဲများ

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ် / ဓာတ်ပုံ- MOD-NUG

(ဓားရိုင်း)

မကြာခင်ကာလမှာ မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် စတင်တော့မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်နိုင်ဖို့ အဆုံးသတ်တိုက်ပွဲဆင်နွှဲတော့မှာဖြစ်တယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် ပြောဆိုလိုက်တာတွေ့ရပါတယ်။
မေ ၁၄ ရက်ကပြုလုပ်တဲ့ အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCO အကြပ်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကျယ်ပြန့်တဲ့နယ်မြေ တလျှောက်မှာ လှုပ်ရှားတိုက်ခိုက်နိုင်နေပြီဖြစ်ပါတယ်။

ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့စစ်ရေး အခြေအနေတွေအရ မကြာခင်ကာလမှာ ထုအင်အားတည်ဆောက်ပြီး မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် စတင်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက် စစ်ရေးလိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဖို့ အခုလိုသင်တန်းမျိုးတွေကို နေရာအနှံ့မှာ စီစဉ်ဖွင့်လှစ် နေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ် ဒီမို ကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှု တို့ကိုဖော်ဆောင်နိုင်ဖို့အတွက် အဆုံးသတ်တိုက်ပွဲဆင် နွှဲတော့မှာဖြစ်တယ်လို့လည်း တော်လှန်ရေးရဲဘော်တွေကို အသိပေးသွားခဲ့တာပါ။ ကာကွယ်ရေး ဝန်ကြီးရဲ့ပြောကြားချက်အရဆိုရင် လာမယ့်မိုးရာသီကာလမှာ စစ်ရေး ကြီးကြီးမားမား အပြောင်းအလဲ ရှိလာနိုင် တယ်လို့ထင်မိပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအရ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေဟာ အနိုင်ရဖို့ (ဒါမှမဟုတ်) နယ်မြေထိန်းချုပ်ထားဖို့ အခွင့်အလမ်း အကန့်အသတ်နဲ့သာရှိနေကြချိန် ဇွန်လအစောပိုင်းမှာ မိုးနဲ့ အတူ မုတ်သုံတိမ်တိုက်တွေ မြန်မာနိုင်ငံတဝန်း ရောက်လာတော့မှာဖြစ်ပါတယ်။ ဒီရာသီဥတုဟာ လေကြောင်း အားသာချက်ကိုဖြတ်တောက်ပြီး တနိုင်ငံလုံးက ရှေ့တန်းစစ်မျက်နှာတွေမှာပြန့်ကျဲနေတဲ့ စစ်ကောင်စီတပ်အတွက် အတားအဆီးဖြစ်စေနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

လေကြောင်းအားသာမှုကို ကောင်းစွာအသုံးချနိုင်တဲ့ ပွင့်လင်းရာသီမှာတောင် စစ်ကောင်စီဟာ စခန်းတွေ၊ အခြေ စိုက်စခန်းတွေနဲ့ ဌာနချုပ်တွေ အပါအဝင် စစ်စခန်း ၅,၂၈၀ အနက် ထက်ဝက်လောက်ကိုဆုံးရှုံးခဲ့ပြီး အရင်က ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားဒေသတွေက နယ်မြေ ၆၀ ရာခိုင်နှုန်းကိုလည်းဆုံးရှုံးထားတယ်လို့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု(USIP)က ဖော်ပြထားပါတယ်။

မုတ်သုံရာသီဥတုဟာ စစ်ကောင်စီရဲ့ လေ ကြောင်းအားသာမှုကိုကြီးမားစွာအဟန့်အတားဖြစ်စေမှာဖြစ်သလို အင်အားချိနဲ့နေတဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ တပ်လှုပ်ရှားမှုတွေကိုလည်း အတားအဆီးဖြစ်စေမှာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်အနေနဲ့ ရှမ်းမြောက် ပိုင်းမှာ တရုတ်အကူအညီနဲ့ အပစ်ရပ်ထားနိုင်ခဲ့ပေမယ့် ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲကြီးတွေကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် မြေပြန့်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေအရ မြဝတီကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့တက်လာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော် အဆင့် အောင်ဇေယျစစ်ဆင်ရေး၊ ကချင်မြို့ကြီးတွေနားရောက်လာတဲ့ KIA ထိုးစစ်နဲ့ ရခိုင်စစ်မျက်နှာတို့ဟာ စစ်ကောင်စီအတွက် သေရေး၊ ရှင်ရေးတမျှအရေးပါနေတဲ့ စစ်မျက်နှာတွေဖြစ်ပါတယ်။

ဒီစစ်မျက်နှာတွေမှာ စစ်ကောင်စီဟာ လေကြောင်းအင်အားကိုသုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ကို ထိန်းနေရတာဖြစ်ပါတယ်။ လေကြောင်းပစ်ကူအားကျသွားတာနဲ့တပြိုင်တည်း အဲဒီစစ်မျက်နှာတွေဟာ စစ်ကောင်စီအတွက် အထိအခိုက် အကျအဆုံးများမယ့် စစ်ဒေသတွေဖြစ်သွားမှာသေချာပါတယ်။ တနည်းအားဖြင့် အဲဒီစစ်မျက်နှာတွေဟာ သုံးနှစ်ကျော်ကြာပြီဖြစ်တဲ့ သွေးထွက်သံယိုများတဲ့ ပဋိပက္ခရဲ့ အဆင့်သစ်ကို အဆုံးအဖြတ်ပေးနိုင်ပြီး နောက်ဆုံးမှာ စစ်ကောင်စီရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်မျက်နှာတွေဖြစ်သွားနိုင်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီဟာ မြဝတီကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်နေ တာတွေ့ရပါတယ်။ မြဝတီနဲ့ ရန်ကုန်ကိုဆက်သွယ်ထားတဲ့ အာရှအဝေးပြေးလမ်း အမှတ်(၁)တလျှောက်ထိန်းချုပ် မှုပြန်လည်ရယူရေးဟာ စစ်ကောင်စီအတွက် စစ်ရေးသာမက စီးပွားရေးအရပါ အရေးပါနေတာဖြစ်ပါတယ်။ အဲဒီ လမ်းမကြီးဟာ ထိုင်းနဲ့ စီးပွားရေး အသက်သွေးကြောဖြစ်ပြီး နှစ်စဉ် နယ်စပ်ကုန်သွယ်ရေး အမေရိကန် ဒေါ်လာ တဘီလီယံကျော်ဖိုးရှိတဲ့ ကုန်သွယ်ရေးအတွက် အဓိကကျနေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီဟာ မြဝတီကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးကိုလုပ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မြဝတီကိုတက်ဖို့ကြိုးစားနေတဲ့ အောင်ဇေယျစစ်ကြောင်းကတော့ ဒေါနတောင်ပေါ်မှာပဲ ရှေ့ဆက်မတိုး နိုင်ဖြစ်နေပါတယ်။ ရက်ပေါင်း ၄၀ ကျော်လာတဲ့အထိ ဒေါနတောင်ပေါ်မှာပဲရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေခဲ့တာြဖစ်ပါတယ်။ တပ်မ (၂၂)၊ တပ်မ (၄၄)၊ တပ်မ (၅၅)၊ တပ်မ (၇၇)တို့ကို စုဖွဲ့ ပြီး အင်အား ၁၂၀၀ လောက်နဲ့တက်လာတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ရက်ပေါင်း ၄၀ ကျော်လာတဲ့အချိန်မှာ အင်အား ၈၀၀ လောက်ပဲကျန်တော့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကဆိုထားပါတယ်။

မြဝတီမြို့ အနောက်ဘက် ကီလိုမီတာ ၉၀၀ လောက်မှာရှိနေတဲ့ စစ်ကောင်စီအတွက်အရေးပါတဲ့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာလည်း အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ကိုရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ မှာ အာရက္ခတပ်တော်(AA)က မြို့ကိုကာကွယ်ထားတဲ့ သေနင်္ဂဗျူဟာကျတဲ့ စခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဟာ စစ်ကောင်စီအတွက်အရေးပါတဲ့ စစ်တိုင်း(၁၂) တိုင်းထဲကတစ်ခုဖြစ်ပြီး အမ်းမြို့ကိုဆုံးရှုံးလိုက်ရပါက စစ်ကောင်စီကို အကြီးအကျယ် သိက္ခာကျ ဆင်းစေမှာဖြစ်ပါတယ်။

စစ်ကောင်စီအတွက် တိုင်းစစ်ဌာနချုပ်ရှိနေတာကြောင့်ဆိုတာထက် ပိုမိုအရေးကြီးတဲ့အချက်ကတော့ အမ်းဟာ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာဖြစ်ပြီး မြောက်ပိုင်းမှာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ကျောက်ဖြူက အဓိကကျတဲ့ တရုတ်အထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းစီမံကိန်းကို ဆက်သွယ် ထားတဲ့မြို့လည်း ဖြစ်နေတာပါ။ တရုတ်ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာလည်း ဒီမြို့ကနေ ဖြတ် သန်းသွားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ အမ်းမြို့မကျရေးအတွက် ရေကြောင်းရော၊ လေကြောင်းပါအသုံးပြုပြီး ကာကွယ်နေခဲ့တာတွေ့ရပါတယ်။ အဓိကအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး အာရက္ခတပ်တော်ရဲ့ထိုးစစ်ကို ဟန့်တားနေခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်းမှာ အာရက္ခတပ်တော် ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အများစုပါဝင်တဲ့ မြို့နယ် ရှစ်မြို့နယ်ကို သိမ်းပိုက်ထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အရေး ပါတဲ့ နယ်စပ်ဆိပ်ကမ်း မောင်တောကို သိမ်းပိုက်ထားသလို ဘူးသီးတောင်ကိုလည်း ပိတ်ဆို့ထားနိုင်ခဲ့တာတွေ့ရပါ တယ်။ စစ်ကောင်စီအနေနဲ့ အမ်းမြို့ကိုလက်လွှတ်လိုက်ရပါက သူတို့ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကိုသွားဖို့ဆိုရင် ပင်လယ်လမ်းကြောင်း ဒါမှမဟုတ် တောင်ဘက်ခြမ်းက တောင်ကုတ်ကနေသာ ထောက်ပံ့ပို့ဆောင်ရေးအတွက်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် အမ်းမြို့မကျရေးဟာ စစ်ကောင်စီအတွက် သေရေး၊ ရှင်ရေးတမျှအရေးပါနေခဲ့ပါတယ်။

အလားတူ ကချင်စစ်မျက်နှာဟာလည်း စစ်ကောင်စီအနာဂတ်ကိုကိုင် လှုပ်နေခဲ့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ တိုက်ခိုက်မှု ဒုတိယလှိုင်းကို မေ ၅ ရက်မှာ စတင်ခဲ့ပြီး မြစ်ကြီးနား-လိုင်ဇာ အဝေးပြေးလမ်းတလျှောက်က စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်ရုံ သာမက ပြည်နယ်မြို့တော် မြစ်ကြီးနားနဲ့ ပူတာအိုကြား လမ်းလယ်က ဆွမ်ပရာဘွမ်ကိုလည်း ထိန်းချုပ်ထားခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်မြို့ကို အနီးကပ်လုံခြုံရေးပေးထားတဲ့ မံစီနဲ့ မိုးမောက်တို့ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ကြိုးစားနေပြီး ဗန်းမော်မြို့ကိုတဖြည်း ဖြည်းဝိုင်းပတ်ပိတ်ဆို့လာတာတွေ့နေရပါတယ်။

လက်ရှိမှာ ကရင်၊ ကချင်နဲ့ ရခိုင် စစ်မျက်နှာတွေဟာ စစ်ကောင်စီ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အဓိကကျတဲ့ စစ်မျက်နှာတွေအဖြစ်ရှိနေတာဖြစ်ပါတယ်။

လေကြောင်းပစ်ကူ တွေနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေအခွင့်သာနေချိန်မှာတောင် စစ်ကောင်စီအနေနဲ့ ဒီစစ်မျက်နှာတွေမှာမနည်း တောင့်ခံနေရတာဖြစ်ပါတယ်။ မုတ်သုံရာသီဝင်ရောက်လာချိန်မှာ စစ်ကောင်စီအနေနဲ့ ဒီလိုအခွင့်အရေးမျိုးတွေ ထပ်ရဖို့ခက်ခဲသွားပြီဖြစ်ပါတယ်။ ပွင့်လင်းရာသီအလွန် မုတ်သုံကာလဟာ စစ်ကောင်စီအနာဂတ်အတွက် ဝိုးတဝါး နေ့စွဲတွေဖြစ်လာဖို့ရှိနေပါတယ်။