စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်း မော်လမြိုင်တွင် ပြန်ပေါ်လာ

001

မဇ္ဈိမ။ ။ လူမြင်ကွင်းမှ တလနီးပါးကြာ ပျောက်ကွယ်နေခဲ့သည့် စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မော်လမြိုင်မြို့တွင် ဒဏ်ရာရစစ်သားများကို သွားရောက်ကြည့်ရှုမှု၊ အစည်းအဝေးတက်ရောက်မှုတို့ဖြင့် လူလုံးထွက်ပြလာသည်။

စစ်ကောင်စီ ဒုခေါင်းဆောင်သည် ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ နယ်မြေခံ တပ်ဆေးရုံတွင် တက်ရောက်ကုသနေရသည့် ဒဏ်ရာရ အရာရှိစစ်သည်များကို သွားရောက်ကြည့်ရှုပြီး နေ့လယ်ပိုင်းတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ စစ်​ကောင်စီခန့်ဝန်ကြီးချုပ်များကို မော်လမြိုင်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ​ကြေညာသည်။

အဆိုပါ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နယ်စပ်ကုန်သွယ်ရေးများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ လက်ရှိတိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများကို စည်းရုံးဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိဖြင့် ကြိုတင်ကာကွယ်မှု လုပ်ငန်းများဆောင်ရွက်ရန်တို့ မှာကြားခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့က ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်းတွင် ဗိုလ်လောင်းသင်တန်းဆင်း စစ်ရေးပြအခမ်းအနားတက်ရောက်ပြီးနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအဝေးသို့ပင် တက်ရောက်ခဲ့ခြင်းမရှိပေ။

ထိုသို့ ဒုချုပ် စိုးဝင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်က မော်လမြိုင်ရောက်ရှိနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသခဲ့ရကြောင်း သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။