အိန္ဒိယနယ်စပ်တွင် မူးယစ်ဆေးများ ဖမ်းမိသည့်ကိစ္စ မြန်မာစစ်ဘေးရှောင် များအပေါ် ရိုက်ခတ်

Photo- AFP

ပါခွီး (မဇ္စျိမ) ။ ။ မြန်မာပြည်မှ ကုန်ကူးသည့် မူးယစ်ဆေးဝါးများ အိန္ဒိယနယ်စပ်တွင် မကြာခဏဖမ်းမိနေခြင်းကြောင့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်တွင် ခိုလှုံနေသောမြန်မာ စစ်ဘေးရှောင်များအပေါ် ရိုက်ခတ်မှု ရှိနေသည်။
အိန္ဒိယအခြေစိုက် ရေဒီယိုတခုဖြစ်သည့် All India Radio News Aizawl ကလည်း နယ်စပ်မူးယစ်ဆေး ကိစ္စကြောင့် မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင် ၃၄,၈၂၈ ဦးတို့ အတွက်နေထိုင်မှုကျပ်တည်းနေရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် တွင်ထုတ်လွှင့်ခဲ့သည်။
“မြန်မာပြည်ကမူးယစ်ဆေးဝါးက အမြဲလိုလိုဖမ်းမိနေတာ ၊ ကျွန်တော်တို့ကို လည်း မြန်မာပြည်သားမှန်းသိတော့ တချို့က မူးယစ်ဆေးဝါးသမားလားဆိုတဲ့ အကြည့် မျိုးနဲ့ မသင်္ကာသလိုလိုကြည့်တာခံရတယ်” ဟု စစ်ဘေးရှောင် အမျိုး သားတဦးက မဇ္စျိမကို ပြောသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး မြန်မာစစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသတွင်း ဩဇာရှိသော မီဇိုလူငယ်အသင်း (YMA) ၊ မီဇိုကျောင်းသားအဖွဲ့ (MZP) က စစ်ဘေးရှောင်များအတွက်ဟုဆိုကာ စည်းကမ်း ချက်များထုတ်ခဲ့သည်။
မြန်မာစစ်ဘေးရှောင်များ တရာမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင်မပတ်သက်ရန်နှင့် တိုက်ဖျက်ရေးတွင် ပူးပေါင်းကူညီ ရန် ၊ အိန္ဒိယနိုင်ငံ၏ ဥပဒေနှင့် ရပ်ရွာတာဝန်ရှိသူများ၏ အသိပေးထုတ်ပြန်ချက်များကို လိုက်နာကြရန် မီဇိုလူငယ်အသင်း (YMA) ၊ မီဇိုကျောင်းသားအဖွဲ့ (MZP) က စည်းကမ်းချက်များကို ယခုလထဲတွင် ထုတ်ပြန်ခဲ့သည်။
မီဇိုလူငယ်အသင်း (YMA) ၊ မီဇိုကျောင်းသားအဖွဲ့ (MZP) တိုသည့် စစ်ဘေးရှောင် များကို ကူညီပြီး ဩဇာရှိသော အဖွဲ့အစည်းများ ဖြစ်ကြောင်း သိရှိသူများက ပြောသည်။
ဧပြီလ ၂၅ရက်နေ့က အိုက်ဇောလ်မြို့ သွီးကွာလ်ရပ်ကွက်တွင် တမူးခရိုင်အတွင်း နေထိုင်သည့် အမျိုးသားတဦးထံမှ ဘိန်းဖြူ ၁ ဒဿမ ၂၀၆ကီလိုကို အထူးမူးယစ်တိုက်ဖျက်ရေးနှင့် အာသံရိုင်ဖယ်ပူး ပေါင်းတပ်က ဖမ်းဆီးမိခဲ့သည်။
အလားတူ ဧပြီလ ၂၇ရက်နေ့ကလည်း အိုက်ဇောလ်မြို့ ဆလင်းရပ်ကွက်တွင် မက်သာ အက်ဖက်တမင်းဆေးပြား ၂၀,၀၀၀ နှင့် ဧပြီလ ၂၉ ရက်နေ့တွင်လည်း အိန္ဒိယ – မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခွားထာလ်ရွာတွင် ဘိန်းဖြူ ၄၅၃ ကီလိုဂရမ်ကို အာသံ ရိုင်ဖယ်တပ်က ဖမ်းဆီးမိခဲ့သည်။
ယင်းနောက် စစ်ဘေးရှောင်များအတွက် စည်းကမ်းသတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။
အိန္ဒိယနိုင်ငံသားများ မဟုတ်သည့်အတွက် နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသည့် သက်သေခံအထောက်အထားလက်မှတ်များ ရရှိရေး မကြိုးပမ်းကြရန်နှင့် အိမ်ခန်း ၊ ဆိုင်ခန်းများကို ကာလပေါက်ဈေးထက် ပိုပေးမငှားကြရန်လည်း စည်းကမ်းသတ်မှတ်ချက်ထဲတွင် ပြောထားသည်။
မီဇိုရမ်ပြည်နယ်တွင်ခိုလှုံနေသော မြန်မာစစ်ဘေးရှောင် ၃၄,၀၀၀ ကျော် ရှိသည့်အနက် အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ စာရင်းများအရ သိရသည်။
ပြည်နယ်အတွင်းရှိ ခရိုင် ၁၁ ခုအနက် ခရိုင် ခုနစ်ခုတွင် မြန်မာစစ် ဘေးရှောင်များ နေထိုင်ကြပြီး စစ်ဘေးရှောင်စခန်း ၁၄၇ ခု ဖွင့်လှစ် ထားကြောင်း သိရသည်။
ဧပြီလ ၂၇ရက်နေ့က မြန်မာနိုင်ငံသားစစ်ဘေးရှောင်းများအရေး ၊ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ချင်းလဲန်းကောင်စီ (CC) တာဝန်ရှိသူများနှင့် မီဇိုကျောင်းသားအဖွဲ့ (MZP)တို့ အိုက်ဇောလ်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

စာတည်း။ ။ နောင်နောင်