အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ပုံအညွှန်း- ဘီးလင်းမြို့ပေါ်တနေရာ (ဓါတ်ပုံ- Wikipedia)

ပုံအညွှန်း- ဘီးလင်းမြို့ပေါ်တနေရာ (ဓါတ်ပုံ- Wikipedia)

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာတွင် အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူနှင့် ဒေသခံထံက သိရသည်။

ဧပြီလ ၂၉ ရက်နေ့၊ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်တွင် အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်သည် ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာရှိ ဇနီးသည်​၏ ဈေးဆိုင်သို့ ရောက်ရှိနေစဉ် အမည်မသိ သေနတ်သမားများ​က ဈေးဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

” ရွှေဖြူအကျဉ်းစခန်းက ထောင်ပိုင်နဲ့ ထောင်ပိုင်မိန်းမပေါ့။ သူ့မိန်းမဆီ သွားရင်းနဲ့ အဲ့ဒီမှာပဲ အလျော့ခံလိုက်ရတာ။ သူ့မိန်းမလည်း ထိတော့ ဆေးရုံတင်ထားရတယ် ကျိုက်ထိုဆေးရုံမှာ။ သူ့အသုဘကတော့ ဒီနေ့ စခန်းမှာပဲ လုပ်မှာ” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစင်းအောင်သည် နေရာ၌ပင် သေဆုံးခဲ့ပြီး ၎င်း​၏ ဇနီးဖြစ်သူ အနည်းငယ် ဒဏ်ရာရခဲ့ကာ အခင်းဖြစ်ပွားသည့်ရွာနှင့် နီးသည့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အကျဉ်းဦးစီးဌာန​ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည့် ဦးစင်းအောင်သည် လက်ရှိတွင် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူအကျဉ်းစခန်း​၌ ထောင်ပိုင်အဖြစ် တာဝန်ကျနေသူဖြစ်သည်။

ရွှေဖြူစခန်း​၏ ထောင်ပိုင်နှင့် ဇနီးဖြစ်သူ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများက mission ဆောင်ရွက်ခြင်းမရှိကြောင်း သထုံခရိုင် PDF တာဝန်ခံက ငြင်းဆိုသည်။

” စစ်ကောင်စီလော်ဘီ ချန်နယ်မှာတော့ တော်လှန်ရေးအဖွဲ့တွေရဲ့လက်ချက်လို့ တဖက်သတ် စွပ်စွဲပြောဆိုထားတာတွေ့တာပေါ့နော်။ ကျနော်လည်း တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းပြီးပါပြီ။ ဘယ်တော်လှန်ရေးအဖွဲ့မှ mission ဆောင်ရွက်ထားခြင်းမရှိပါဘူး” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ဦးစင်းအောင် ပစ်ခတ်ခံရမှုသည် လူမှုရေးအရှုပ်အရှင်းများကြောင့် နှုတ်ပိတ်သည့်အနေဖြင့်သော်လည်းကောင်း၊ မကျေနပ်မှုများကြောင့်သော်လည်းကောင်း အချင်းချင်း ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း သထုံခရိုင် PDF တာဝန်ခံတဖြစ်လဲ CDM ရဲတပ်ကြပ်ကြီးတဦးဖြစ်သည့် ကိုအေးမင်းထွန်းက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဆိုသူသည် ကော့ထင်း- ကျိုက်ထိုလမ်းပေါ်တွင် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူများက ပစ်ခတ်၍ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)