လူအသေအပျောက်များသော ထောင်တွင်းပစ်ခတ်နှိမ်နင်းမှုအပြီး ပြည်ထဲရေးဒုဝန်ကြီး မြစ်ကြီးနားရောက်လာ

အဂမ်

(မဇ္ဈိမ) မြစ်ကြီးနားအကျဉ်းထောင်တွင်း လူအသေအပျောက်ရှိခဲ့သော ထောင်ဆူပူမှုကို ပစ်ခတ်နှိမ်နင်းမှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီ မြစ်ကြီးနားသို့ရောက်ရှိလာခဲ့သည်။
ယမန်နေ့ညနေက မြစ်ကြီးနားထောင်တွင် ဖြစ်ပွားခဲ့ သော ထောင်တွင်းဆူပူမှုကို အကျဥ်းထောင်အစောင့်များက ကျည်အစစ်များဖြင့် ပစ်ခတ်နှိမ်နင်းရာ စစ်ကောင်စီဖမ်းဆီးထားသူ ခြောက်ဦးသေဆုံးပြီး၊ တစ်ဦးအသက်အန္တာရာယ်စိုးရိမ်ရသည့် အခြေအနေရှိသည်။
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် တိုးရီ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်များက အတည်ပြုသည်။

ဗိုလ်ချုပ်တိုးရီသည် ယနေ့ညနေပိုင်းက မြစ်ကြီးနားမြို့သို့ အထူးလေယာဥ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဧည့်ရိပ်သာတွင် တည်းခိုနေကြောင်း စစ်ကောင်စီတပ်သတင်းရင်းမြစ်တခုက မဇ္ဈိမသို့ပြောသည်။

ဗိုလ်ချုပ်တိုးရီဟာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှာ တာဝန်ကျစဉ်က စစ်ကြောရေးတွေမှာ နှိပ်စက်ညှင်းပန်းမှုခိုင်းစေမှုတွေလုပ်ခဲ့ကြောင်း စွပ်စွဲခံရပြီး နာမည်ဆိုးဖြင့်ကျော်ကြားသည်။

စစ်ကောင်စီမှ မြစ်ကြီးနားအကျဥ်းထောင်သို့ ပြန်ခေါ် ထားသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆန်ဆွမ်နှင့်လည်း သူက တွေ့ဆုံဖွယ်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။