ရေဦးမြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်

ရုပ်သံအညွှန်း - စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်နေစဥ် (ရုပ်သံ - ရေဦး PDF)

ရုပ်သံအညွှန်း – စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်နေစဥ် (ရုပ်သံ – ရေဦး PDF)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ရွှေဘိုခရိုင်တပ်ရင်းအမှတ်(၁၄)၊ YEU PDFက ယ‌နေ့( မေလ ၁ရက်) တွင် သတင်းထုတ်ပြန်သည်။

ရေဦးမြို့မှ ဒီပဲယင်းမြို့ဘက်သို့ အထွက်လမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၇နာရီခန့်တွင် YEU PDF က တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

ထိုဂိတ်၌ စစ်ကောင်စီတပ်ကြပ်စိုးမိုးအောင်နှင့် တပ်သား ၁၅ဦး ရှိနေသည်ဟု YEU PDF တပ်မှူး သစ်ပင်က မဇ္စျိမကိုပြောသည်။

၎င်းက “၄၀မမ သုံးလုံးပစ်ခဲ့ပါတယ်။ကျနော်တို့တပ်တွေ အထိအခိုက် Risk အနည်းဆုံးနဲ့ ရန်သူ့တပ်ထိခိုက်မှုများများရရှိအောင် နည်းနည်းနဲ့ကျဲကျဲဆောင်ရွက်တာဖြစ်တယ်” ဟု ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာရပြီး သုံးဦးဒဏ်ရာပြင်းထန်ကာ သေဆုံးနိုင်ခြေရှိကြောင်း မျက်မြင်သက်သေနှင့် တပ်တွင်း သတင်းများအရသိရသည်ဟု တပ်မှူးသစ်ပင်ကဆိုသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းကျပ်ထားသည်ဟုသိရသည်။

ရေဦးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လူငယ်များအား အတင်းအကျပ်စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပြည်သူကိုအနိုင်ကျင့်နှိပ်စက်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို အခွင့်အရေးပေးရင်ပေးသလို အနီးကပ်ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ရေဦးမြို့တွင် ဧပြီလ ၉ရက်နေ့နံနက်ပိုင်းကလည်း မြို့ရဲစခန်းဝင်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းနှစ်စီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲအချို့ထိခိုက်သေဆုံးခဲ့ကြောင်း YEU PDFက သတင်းထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် ရေဦးမြို့နယ်အတွင်း စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း သတင်းရရှိသည်။

စာတည်း – အေးချမ်း