NUG ရဲ့ အချက်အလက်တွေ ပေါက်ကြားတဲ့ သတင်းမှား

ZZ

(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝက်ဆိုက်ဒ်က အချက်အလက်တွေ ပေါက်ကြားတယ်လို့ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။

စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ် ချန်နယ် တခုဖြစ်တဲ့ “Ko Thet” ချန်နယ်ကနေ ဧပြီလ ၂၃ ရက်နေ့မှာ “အကြမ်းဖက် NUG ရဲ့ Data တွေ ပေါက်ကြားနေတယ် ပန်ဆယ်လိုဖွတာလို သိရ .. အကြမ်းဖက် ၁၃ ဦးရဲ့ အမည်/ လိပ်စာ/ ဖုန်းနံပတ်/ IP Adress ကအစပါတယ် .. ဆွဲစိရုံပဲ။” လို့ (မူရင်းအရေးအသားတိုင်း) ရေးသားပြီး ဓာတ်ပုံပေါင်း ၂၀ကျော်ကို ပိုစ့်လေးပိုစ့်နဲ့ ဖော်ပြထားပါတယ်။

ပုံတွေထဲမှာတော့ အင်တာနက် ဝက်ဆိုက်ဒ် တခုနဲ့ ချိတ်ဆက် ဆက်နွယ်နေတဲ့ အမည် မေလ်းလိပ်စာတွေ တခြားဝက်ဆိုဒ်အမည်တွေနဲ့ IP Adress တွေပါဝင်ပါတယ်။ ဒီအကြောင်း တခြားတယ်လီဂရမ်ချန်နယ်မှာလည်း ပျံ့နေပြီး ကြည့်ရှုသူ သုံးသောင်းကျော် ရှိနေပါပြီ။

မဇ္ဈိမက ဒီအကြောင်းကို စစ်ဆေးခဲ့ပြီး ဝက်ဆိုက်ဒ်က မှားယွင်းနေကြောင်းတွေ့ရပါတယ်။

ကိုသက်ချန်နယ်က ဖြန့်ဝေထားတဲ့ ပုံတွေကို စစ်ဆေးတဲ့အခါမှာ သူဖော်ပြထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝက်ဆိုက်ဒ်ဒေတာတွေမဟုတ်ဘဲ NUG နဲ့ အမည်ဆင်တဲ့ NAG ဝက်ဆိုက်ဒ် ဖြစ်နေတာကို တွေ့ရပါတယ်။ NUG ရဲ့ တရားဝင် ဝက်ဆိုက်ဒ် လိပ်စာက nugmyanmar.org ဖြစ်ပြီး သတင်းတုမှာက nagmyanmar လို့ရေးထားတာပါ။ ဒီနှစ်ခုမှာ “a” နဲ့ “u” ကွာခြားနေပါတယ်။
nagmyanmar.org ဆိုတဲ့လိပ်စာအတိုင်း ရှာဖွေရာမှာတော့ Network Activities Group ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို တွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုက်ဒ်မှာတော့ လယ်သမားတွေရဲ့ အရေးနဲပတ်သက်တာတွေကိုပဲ ဖော်ပြထားတာ ကိုတွေ့ရပါတယ်။
လင့် – https://nagmyanmar.org/

ဒီအဖွဲ့ရဲ့ ဖေ့ဘုတ် စာမျက်နှာကို သွားရောက်မေးမြန်းခဲ့ရာမှာတော့ NAG အဖွဲ့က ဖွံ့ဖြိုးရေးအဖွဲ့သာ ဖြစ်ပြီး ဘယ်သူမဆိုဝင်ရောက်လေ့လာလို့ရတယ်လို့ ဆိုပါတယ်။ ထွက်ပေါ်နေတဲ့အချက်အလက်နဲ့ ပက်သက်ပြီး “ဟုတ်ပါတယ် လူတိုင်းသိလို့ ကြည့်လို့ရတဲ့ အချက်တွေပါ ဖွံ့ဖြိုးရေးစီမံကိန်း အချက်အလက်တွေပါ လူနာမည်တွေက စီမံကိန်း မန်နေဂျာပါ စီမံကိန်း ရုံးလိပ်စာတွေ ဖော်ပြထားတာပါ” လို့ စာနဲ့ ဖြန်ဖြေပါတယ်။

အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးကလည်း “ဝက်ဘ်ဆိုဒ်လိပ်စာကတော့ nug မဟုတ်သလို သူတို့ဖော်ပြထားတဲ့ အချက်အလက်တွေဟာ နဂိုကတည်းက အားလုံးရှာဖွေလို့ရတဲ့ (public) အချက်အလက်တွေဖြစ်နေတဲ့အပြင် အလကားမသိနားမလည်တဲ့သူတွေကို ငပိန်းဖမ်းနေတာ” လို့ မဇ္ဈိမ ကို ပြောပါတယ်။

ကိုသက်ရဲ့ ဖြန့်ဝေမှုဟာ NUG နဲ့ အမည်ဆင်တဲ့ ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဝက်ဆိုက်ဒ်ကို ဖော်ပြထားတာဖြစ်ပြီး အထူးလျှို့ဝှက်ထားတာမဟုတ်ဘဲ အလွယ်တကူ ချပြထားတဲ့ အချက်အလက်တွေကို သုံးပြီး အချက်အလက်ပေါက်ကြားသလို ပုံဖော်ဖန်တီးထားတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။
မတူညီတဲ့ ဝက်ဘ်ဆိုဒ်နှစ်ခုကို ဖြန့်ဝေထားတာကြောင့်မလိုလားအပ်တဲ့သူတွေအတွက်ကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။