ပုံဟောင်းနဲ့ ရေယာဉ်ပေါ်ပါသွားတဲ့ တပ်မိသားစုတွေရဲ့ ပုံဆိုပြီးဖြန့်တဲ့ သတင်းအမှား

ZZ

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့တဲ့ ရေယာဉ်ပေါ်ပါသွားတဲ့ မိသားစုတွေရဲ့ နောက်ဆုံးပုံရိပ်ဆိုပြီး ပုံတပုံ ပျံ့နှံ့နေပါတယ်။

ဒီပုံကို တောင်ပေါ်သား တယ်လီဂရမ်ချန်နယ်ကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့က “ရေယာဥ်တွေပေါ် ပါသွားတဲ့ တပ်မိသားစုတွေရဲ့ နောက်ဆုံး ပုံရိပ်လေးပါ၊ကမ္ဘာမကြေဘူး AA” (မူရင်းအရေးအသားအတိုင်း) လို့ရေးသားပြီး စတင်ဖြန့်ဝေခဲ့တာပါ။ ကြည့်ရှုသူ ၆ ထောင်ကျော်ရှိနေပြီး အခြားတယ်လီဂရမ်နဲ့ ဂရု ၂၃ ခုမှာလည်း ပျံ့နှံ့နေပါတယ်။

ပုံထဲမှာတော့ စစ်တပ်ဝန်းတခုထဲကနေ စစ်ဝတ်စုံဝတ် လူတဦးက အထင်အရှားပါပြီး အမျိုးသမီးနဲ့ ကလေးတွေ အထုတ်ကိုယ်စီနဲ့ တန်းစီပြီး ထွက်လာတဲ့ပုံပါ။ ဒီပုံကို Photo-Sitt Minn Naing လို့လည်း ရေးသားထားပါသေးတယ်။ အလားတူ ပုံနဲ့ စာသားကိုပဲ အသုံးပြုပြီး ဖေ့ဘုတ်မှာ ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။

ဒီပုံကို မဇ္ဈိမ အချက်အလက် စစ်ဆေးသူတွေက ပုံရဲ့ မူလဇစ်မြစ်ကို ရှာဖွေတဲ့ Google Image Search နဲ့ ရှာဖွေစစ်ဆေးခဲ့ရာမှာတော့ ပုံဟောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဖြိုးစုမွန် အမည်ရှိ X(ယခင်တွစ်တာ)အသုံးပြုသူတစ်ဦးက ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ X လူမှုကွန်ရက်မှာ ဖြန့်ဝေထား တဲ့ပို့စ်မှာပါဝင်တဲ့ဓာတ်ပုံ လေးပုံထဲက ပထမဆုံးပုံကို ယူသုံးထားတာဖြစ်ပါတယ်။
ဖြိုးစုမွန်ရဲ့ ပို့စ်မှာတော့ ဘာမှရေးသားထားခြင်းမျိုးမရှိဘဲ ဓာတ်ပုံတွေကိုသာ တင်ထားတာပဲ ဖြစ်ပါတယ်။ လင့် – https://shorturl.at/akoHV

ဒါ့ကြောင့် ယခုပျံ့နှံ့ခဲ့တဲ့ ရေယာဉ်တွေပေါ်ပါသွားတဲ့ တပ်မိသားစုတွေရဲ့ နောက်ဆုံးပုံရိပ်ဆိုတဲ့ ဓာတ်ပုံဟာ ယခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံမဟုတ်ဘဲ ၂၀၁၇ ခုနှစ်က ဓာတ်ပုံအဟောင်းကို ပြန်လည်အသုံးပြုကာ သတင်းအမှား ဖြန့်ဝေထားခြင်း ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီရဲ့ ရေယာဉ်တွေကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက်မှာ စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီတွေကတော့ ရခိုင်နဲ့ပတ်သက်ပြီး AA ဆန့်ကျင်ရေးတင်မက လူမျိုးရေးမုန်းတီးမှုတွေပါ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမှာ သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတု/မှားတွေကို သတိထားကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။