စစ်ကောင်စီကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များ ၄ လအတွင်း ၁၀၆ ဦးသေဆုံး

ပုံအညွှန်း − ဒီးမော့ဆိုမြို့နယ် ဒေါဆီအိကျေးရွာစာသင်ကျောင်းအား ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရစဉ်။

ပုံအညွှန်း − ဒီးမော့ဆိုမြို့နယ် ဒေါဆီအိကျေးရွာစာသင်ကျောင်းအား ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရစဉ်။

ရွှေနွယ်

(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတဝန်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဧပြီလ ၃၀ ရက်အထိ ပထမ လေးလပတ်တာ ကာလအတွင်းတွင် စစ်ကောင်စီကြောင့် အသက် ၁၈ နှစ်မပြည့်သေးသူ အရပ်သားကလေးငယ် ၁၀၆ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယမန်နေ့ (မေ ၁ ရက်)၎င်း၏နေ့စဉ်မှတ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံတဝန်းတွင် စစ်ကောင်စီကြောင့် လေးလအတွင်း အသက် ၁၀ လအရွယ် ကလေးငယ် တဦးအပါအဝင် မိန်းကလေးငယ် ၄၀ ဦးနှင့် ယောက်ျားလေးငယ် ၆၆ ဦး စုစုပေါင်း ၁၀၆ ဦးသေဆုံးခဲ့သည်။

ထို့အနက် ၅၃ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း ကလေးငယ် ၂၉ ဦးသေဆုံးခဲ့သဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ကြောင်းလည်း AAPP အချက်အလက်က ထောက်ပြသည်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တာဝန်ရှိသူ အမျိုးသမီးက မဇ္ဈိမကိုပြောသည်။

“ကျွန်မတို့အခုလက်ရှိထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းနံပါတ်အရတော့ ဒါတွေအကုန်လုံးက စစ်အုပ်စုရဲ့လက်ချက်ကြောင့် သေဆုံးသွားရသူတွေလို့ ကျွန်မတို့ပြောလို့ရပါတယ်” ဟု AAPP မှ တာဝန်ရှိသူ အမျိုးသမီးက မဇ္ဈိမကိုပြောသည်။

AAPP အနေဖြင့် အဆိုပါ စာရင်းအချက်အလက်များကို AAPP ၏ မြေပြင်ကွန်ရက်များ၊ ကာယကံရှင်များ၏ သတင်းပေးပို့ချက်များ၊ စစ်ကောင်စီလက်အောက်ခံမီဒီယာနှင့် အခြားသော ယုံကြည်စိတ်ချရသည့် လွတ်လပ်သောသတင်းမီဒီယာများအား စောင့်ကြည့်မှတ်တမ်းယူခြင်းများမှတဆင့် ကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

စိစစ်၍ မှန်ကန်သောအချက်အလက်ကိုသာ ကောက်ယူခြင်းဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် စာရင်းထုတ်ပြန်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိပြီး အခြားသော ထုတ်ပြန်ချက်များနှင့် စာရင်းကွာဟနေကာမူ ၎င်းတို့အနေဖြင့် မှန်ကန်တိကျသောအချက်အလက်များကိုသာ အတည်ပြုကောက်ယူသည်ဟု ဆိုသည်။

” အဓိကတော့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့တိုက်ခိုက်တဲ့ကိစ္စရပ်မျိုးတွေမှာ အရပ်သားပြည်သူလူထုကို မခွဲခြားဘဲ မတိုက်ခိုက်ရမယ့် စာသင်ကျောင်းလိုနေရာမျိုးတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တဲ့ကိစ္စရပ်တွေကတော့ တော်တော်ကို ဆိုးဝါးတဲ့ကိစ္စရပ်တွေအနေနဲ့မြင်ရပါတယ်” ဟု AAPP မှ တာဝန်ရှိသူ အမျိုးသမီးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ လွိုင်နန်းဖကျေးရွာစာသင်ကျောင်းနှင့် ဒေါဆီအိကျေးရွာစာသင်ကျောင်းတို့အား စစ်ကောင်စီမှ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် လေးဦးသေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

AAPP မှ လက်ရှိကောက်ယူရရှိထားသည့် နိုင်ငံတဝန်း လူအခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများကို နိုင်ငံတကာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ၊ UN အဖွဲ့အစည်းများထံပေးပို့ကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းလည်း AAPP မှ တာဝန်ရှိသူ အမျိုးသမီးကပြောသည်။

ထို့ပြင် ယခု ၂၀၂၄ ခုနှစ် ပထမလေးလအတွင်းတွင် နိုင်ငံတဝန်း၌ စစ်ကောင်စီကြောင့် အသက် ၆၀ နှစ်အထက် အမျိုးသမီး ၃၉ ဦးနှင့် အမျိုးသား ၄၈ ဦး စုစုပေါင်း ၈၇ ဦး သေဆုံးခဲ့ရကြောင်းလည်း AAPP ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းတွင်မူ နိုင်ငံတဝန်း အသက်သေစေသည့်အထိ တရားလက်လွတ်သတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း ၃၀၄ မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁,၃၄၂ ဦးသေဆုံးခဲ့ရကာ ထိုအထဲတွင် အသက်မပြည့်သေးသူ ကလေးသူငယ် ၁၇၂ ဦးပါဝင်ခဲ့ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၀ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)