ဖားကန့်တွင် နွံကန်ပြိုကျ၊ နွံအောက်ဖုံးလွှမ်းခံရသူများကို ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေနေ

ဓာတ်ပုံ- ပုံဟောင်း

ဓာတ်ပုံ- ပုံဟောင်း

အဂမ်

(မဇ္ဈိ) ။ ။ ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ (မေလ ၂ ရက်) နံနက်ပိုင်းတွင် ကျောက်မျက်ကုမ္ပဏီ တခု၏ နွံကန်ပြိုကျမှုကြောင့် နွံအောက်ဖုံးလွှမ်းခံလိုက်ရသော ရေမဆေး ကျောက်သမားများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြသည်။

လုံးကျေးရွာအုပ်စု၊ ဆန်ခါရွာအနီးရှိ တောက်ပကြယ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ၏ ကျင်းဟောင်းနွံကန်တခု ယနေ့ နံနက် ၇ နာရီခန့်တွင် ပြိုကျခဲ့ကြောင်း ဒေသခံ ရေမဆေးရှာဖွေနေသူများက ပြောသည်။

ထိုသို့ နွံကန်ဟောင်း ပြိုကျမှုထဲ ကျင်းစောင့် ကုမ္ပဏီဝန်ထမ်း နှစ်ဦးနှင့် ရေမဆေးရှာဖွေနေသူအချို့ မျောပါပျောက်ဆုံးနေကြောင်း ရေမဆေးကျောက် ရှာဖွေနေသူများကပြောပြီး မည်မျှခန့် မျှောပါပျောက်ဆုံးနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။

လက်ရှိအချိန်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖားကန့် ရှာဖွေကူညီရေးအသင်းများက အသိပေးထားသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊ မနကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုတွင် နွံကန်ပြိုကျမှုကြောင့် လူသေဆုံးများ ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်