ကနီမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ရာ နေအိမ် ၄၂ လုံးပျက်စီး

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ဇီးပင်တွင်း ကျေးရွာတွင် ယမန်နေ့( မေလ ၁ ရက်) ညနေ ၃ နာရီအချိန်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၄၂ လုံး ပျက်စီးကြောင်းသိရသည်။

“ ကောင်းကင်ပေါ်ကနေ မီးခိုးလုံးလို အရာမျိုးကြီး ကျလာပြီး အကုန်မွှေ့ယူသွားတာပါ။ မိုးသီးတွေ ၊ မိုးတွေရော ကျလာပြီး ဘာမှ မမြင်ရတော့ဘူး ဝပ်နေရတာ။ သွပ်တွေ၊ ထန်းရွက်တွေက ကောင်းကင်ပေါ်ဝဲနေတာ။ လူတွေလည်း အကုန်မြေကြီး ဝပ်နေရတယ်” ဟု ဒေသခံက ဆိုသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းများ အပါအဝင် နေအိမ် ၄၂ လုံး ပျက်စီးခဲ့ပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူ လေးဦးခန့်ရှိကာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ နေအိမ်အများစုက ခေါင်မိုးတွေ လန်သွားတာဖြစ်တယ်။ သွပ်တွေက မီတာ ၃၀၀ အကွာလောက်က ယာခင်းတွေထဲမှာ ပုံကျနေတယ်။ သစ်ပင်တွေလဲတာ ရှိတယ်” ဟု မဇ္စျိမရဲ့ မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ဇီးပင်တွင်းကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ် ၄၇ လုံး မီးလောင်ပျက်စီးခဲ့သည့်ကျေးရွာဖြစ်ပြီး ၊ ယခုအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၂ လုံးထပ်မံပျက်စီးခဲ့ရကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)