၂၀၂၄ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခါသမယ၌ မြန်မာ့ပဋိပက္ခက “ရည်မှန်းချက်ပန်းတိုင်းများ” အား ဆိတ်သုဉ်းစေလျက်ရှိ

၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က မြန်မာနောင်းသတင်းထောက် မကေဇွန်နွေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့စဉ်။ (Photo – AFP)

အယ်ဒီတာ့အာဘော်

မေ ၃ ရက်တွင် ကျရောက်သည့် ၂၀၂၄ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အား စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ရာ အဓိကလူအားလုံးအတွက် မီဒီယာလွတ်လပ်ခွင့်၊ သတင်းရယူပိုင်ခွင့်နှင့် ဂျာနယ်လစ်များနှင့် မီဒီယာဝန်ထမ်းများ ဘေးကင်းရေးတို့အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ၎င်းတို့၏ ကတိကဝတ်များကို  ထပ်လောင်းအတည်ပြုရာ အခွင့်အလမ်းတရပ်အဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းက အသိအမှတ်ပြုထားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ပြည်တွင်းစစ် ပြင်းထန်လာချိန် စစ်အာဏာသိမ်းအုပ်စု၏ မီဒီယာဖိနှိပ်မှု ပုံစံမျိုးစုံကို ဆက်လက်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ယင်းနေ့အခါသမယက သိသာသော အဓိပ္ပာယ်ဆောင်သည်။ လွတ်လပ်သော မီဒီယာများက ၎င်းတို့၏ ရုံးခန်းများကို ပိတ်ကြရပြီး ဖျက်ဆီးခံကြရကာ ပြည်တွင်း၌ ပုန်းလျှိုးကွယ်လျှိုး မီဒီယာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ကြသကဲ့သို့ ပြည်ပအခြေစိုက်ကာ လုပ်ကိုင်ကြခြင်းများ ရှိသည်။ ဂျာနယ်လစ်တော်တော်များများ ဖမ်းဆီးနှိပ်စက် ခံကြရသည်။ အချို့မှာ သတ်ဖြတ်ခံရသည်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မတူကွဲပြားသော အာဘော် ရှိသည်။ ယခုနှစ်အတွက် အာဘော်မှာ “ဂြိုဟ်ကမ္ဘာအတွက် စာနယ်ဇင်း၊ သဘာဝပတ်ဝန်းကျင် ပဋိပက္ခနှင့် ရင်ဆိုင်နေရသည့် ဂျာနယ်လစ်ဇင်” ဟူ၍ ဖြစ်သည်။

ယနေ့ အခါသမယအတွက် ယူနက်စကို သဘောထားမှတ်ချက်တွင် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုနှင့် အန္တရာယ်အတွင်းက ၂၀၃၀ လုပ်ငန်းစဉ် လမ်းကြောင်းကို အသားပေးထားသည်။ ရာသီပြောင်းလဲမှု၊ ဇီဝမျိုးကွဲများ ဆုံးရှုံးမှုနှင့် လေထုညစ်ညမ်းမှုစသော ကမ္ဘာဂြိုဟ် အကျပ်အတည်း သုံးရပ်နှင့်အတူ အများပြည်သူ ကျန်းမာရေးပြဿနာ၊ ခိုင်မာအားကောင်းသော ဒီမိုကရေစီ လိုအပ်မှု၊ ဒီဂျစ်တယ် ပလက်ဖောင်းပေါ်တွင် “သတင်းမှားနှင့် သတင်းတုများ” ကိုင်တွယ်ဖြေရှင်းရေးနှင့် အခြားသော ပြဿနာကိစ္စရပ်များသည် လူသားကမ္ဘာအတွက် အဓိက စိန်ခေါ်မှုများ ဖြစ်နေသည်။

ယင်းတွင် ဂျာနယ်လစ်များ၏ လုပ်ငန်းဆောင်တာက မရှိမဖြစ် အရေးကြီးကြောင်း သဘောထားမှတ်ချက်၌ ဆိုထားသည်။ သဘာဝပတ်ဝန်းကျင် ပြဿနာရပ်များကို အန္တရာယ်အဖြစ် ဖော်ပြရာ၌ မီဒီယာများအတွက် စိန်ခေါ်မှုများနှင့် သတင်းမှန် ရရှိရေး ပြဿနာများကို ယင်းမှတ်ချက်တွင် ဖော်ပြထားသည်။ ထိုပြင် မီဒီယာ ဗဟုဝါဒနှင့် ယဉ်ကျေးမှုအား လေးစားရန် အရေးကြီးကြောင်း၊ ဘာသာစကားနှင့် ဒီမိုကရေစီ လူ့ဘောင်အတွက် အခြေခံအချက်ဖြစ်ပြီး မီဒီယာအားလုံးအပေါ် သက်ရောက်မှု ရှိရမည်ဖြစ်သော လိင်ကွဲပြားခြင်းတို့ကို အလေးအနက်ထား ဖော်ပြသည့် ဆန်တီယာဂို ကြေညာချက်အားလည်း ယခု သဘောထားမှတ်ချက်တွင် ထောက်ပြထားသည်။

၂၀၂၁ စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပြဿနာအား ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်ပြီး ပြည်တွင်းနှင့်  နိုင်ငံတကာ ဂျာနယ်လစ်နှင့် မီဒီယာများ၏ သေးငယ်သော်လည်း သိသာသော ဖော်ပြမှုများ ရှိခဲ့သည်။ ရေအားလျှပ်စစ်နှင့်  ကျောက်မီးသွေးစက်ရုံများအပါအဝင် စွမ်းအင်ကဏ္ဍ၊ ကျေးလက်နှင့် မြို့ပြညစ်ညမ်းမှု၊ သဘာဝသယံဇာတ  တူးဖော်မှု၊ တရုတ်ကျောထောက်နောက်ခံသည့် ကြေးနီနှင့် မြေရှားသတ္တု တူးဖော်သည့် အငြင်းပွားဖွယ် ကိစ္စရပ်များနှင့် ပတ်သက်ကာ သိသာသော သတင်းဖော်ပြချက်များ ရှိသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို မီးမောင်းထိုးပြရန်အတွက် စုံစမ်းဖော်ထုတ်သည့် သတင်းရေးသားမှု အနည်းအကျဉ်းလည်း ရှိခဲ့သည်။ တချိန်တည်းတွင် ရေကြီးမှု၊ မိုးခေါင်မှုနှင့် အပူလှိုင်းတို့က မီဒီယာများအတွက် စိတ်ဝင်တစား ဖော်ပြစရာအဖြစ် ရှိခဲ့သည်။

ယင်းနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က မှန်ကန်စွာ ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီ စံပြ ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖယ်ရှားလိုက်ခြင်းနှင့်အတူ မီဒီယာများအတွက် ဖမ်းဆီးခံရမည့်ဘေးက လွတ်မြောက်ရန် ကြိုးပမ်းပြီး ဘဝခန္ဓာအတွက် ထွက်ပြေးကြရခြင်းများ အပါအဝင် ဦးစားပေးမှု၌ တော်လှန်ရေးအရွေ့ဆီ ပြောင်းလဲသွားတော့သည်။

တည်တံ့သော ဖွံ့ဖြိုးမှု ပန်းတိုင်များ သို့မဟုတ် SDGs နှင့် ၂၀၃၀ လုပ်ငန်းစဉ်ကို ဆွေးနွေးသည့် ဧပြီ ၂၅ ရက်တွင် ကျင်းပသော 2024 ECOSOC Financing for Development Forum ၏ ကုလသမဂ္ဂညီလာခံဆွေးနွေးပွဲတရပ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန် ဦးကျော်မိုးထွန်းက ယခု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဘော်၊ ဦးစားပေးသတ်မှတ်ချက်များနှင့် အကျပ်အတည်းများကို ပြောဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက “အထောက်အကူပြု သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်သော ထောက်ပံ့မှုများ”ကို ပေးလျက် ရှိနေစဉ် ကမ္ဘာလုံးဆိုင်ရာနှင့် အမျိုးသားရေးအဆင့်တွင် တည်တံ့သော ဖွံ့ဖြိုးရေး ရ့ည်မှန်းချက်များက အရေးကြီးကြောင်းကို ၎င်းက မိန့်ခွန်း၌ အလေးပေးပြောဆိုသည်။

သို့ရာတွင် ထင်သာမြင်သာ ရှိသော ပြဿနာကို မျက်ကွယ်ပြုရန် ခက်ခဲသည်။

“ကံမကောင်းစွာဘဲ ကျွန်တော့်တိုင်းပြည် မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလက တရားမဝင် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ SDGs အပေါ် ကျွန်တော်တို့ရဲ့ သိမြင်နားလည်မှု အလားအလာတွေကို တစစီ ဖျက်ဆီးပစ်တယ်၊ လူငယ်တွေရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးပစ်တယ်”ဟု ဦးကျော်မိုးထွန်းက ပြောသည်။ “မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခတွေကို တွေ့ကြုံနေရတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနှင့် သက်ဆိုင်သော အရေးကိစ္စရပ်များကို တင်ပြနေသည့် ဂျာနယ်လစ်များနှင့် မီဒီယာလုပ်ကိုင်သူများအပေါ် တိုက်ရိုက်သက်ရောက်သည့် ယနေ့လို အခါသမယမျိုးတွင် အဓိက စိန်ခေါ်မှုများကို ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ၏ ခုခံတွန်းလှန်မှု လှုပ်ရှားမှုအား ထိထိရောက်ရောက် ကိုယ်စားပြုသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်း၏ ယခု မိန့်ခွန်း၌ အသားပေးပြောဆိုသည်။

“မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုအကျပ်အတည်းတွေရဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်၊ နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းမှုနဲ့ ထိရောက်တဲ့ အကူအညီတွေဟာ “ပဋိပက္ခ ဒဏ်ခံနိုင်အား”နဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ရည်မှန်းချက်နဲ့ တသားတည်း ဖြစ်သင့်တယ်”ဟု ဦးကျော်မိုးထွန်းက ပြောသည်။

“၂၀၃၀ လုပ်ငန်းစဉ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးမှာ ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ တခုတည်းသော လမ်းကြောင်းက စစ်အာဏာရှင် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ယူနီယံ တည်ဆောက်ရေးပဲ ဖြစ်တယ်ဆိုတာ ရှင်းလင်းသေချာနေပါတယ်၊ မြန်မာနိုင်ငံမှ ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်ရေး ဆောင်ကြဉ်းနိုင်မှာ ဖြစ်တယ်”ဟု ဦးကျော်မိုးထွန်းက ကောက်ချက်ချသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်၏ အကြံပြုချက်အတိုင်း မြန်မာနိုင်ငံသည် ကမ္ဘာကြီးအတွက် တည်တံ့သော အနာဂတ်အရေးတွင် မိမိနှင့်ဆိုင်ရာ အပိုင်းကို ထမ်းရွက်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် သတင်းတင်ဆက်မှုအတွက် ဘဝနှင့် ရင်းထားရသော လွတ်လပ်သည့် မီဒီယာများကလည်း နိုင်ရာတာဝန် ထမ်းနိုင်မည် ဖြစ်သည်။ သို့ရာတွင် လက်ငင်းအချိန်၌ ခိုင်ခံသော ဖွံ့ဖြိုးမှုအတွက် တောင်းဆိုခြင်းမှာ မြန်မာ့အကျပ်အတည်းနှင့် ပြည်တွင်းစစ်၌ နစ်မွန်းလျက် ရှိနေသည်။

စစ်ကောင်စီ၏ ရက်စက်မှုများကြောင့် မျှော်လင့်ချက်မဲ့နေသော မြန်မာပြည်သူများ၏ လိုအပ်ချက်များကို မီဒီယာသတင်းများက တင်ပြနေရခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် တည်တံ့သော ဖွံ့ဖြိုးမှုတို့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရချိန်အထိ ဒုတိယနေရာ၌သာ ရှိနေဖွယ်ရာ ရှိသည်။

SDGs အား ဖော်ဆောင်နိုင်ရန်ဆိုလျှင် Addis Ababa Action Agenda(AAAA) နှင့် ၎င်း၏ လုပ်ဆောင်ချက် ခုနစ်ရပ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးက အဓိကအဖြစ် ရှိနေဆဲ ဖြစ်သည်။ ၂၀၂၄ တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံစာတွင် ဘဏ္ဍာရေး ဖိစီးမှု၊ အကြွေးသောကနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာအတွက် ဘဏ္ဍာရေးလိုအပ်ချက်များကို မီးမောင်းထိုးပြထားသည်။ ထိုအတွက် ဘဏ္ဍာရေး ကွာဟချက်များအား ကိုင်တွယ်ဖြေရှင်းရေး၊ ၂၀၃၀ လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အားချင်း အရှိန်မြှင့် လုပ်ဆောင်ရေးနှင့် နိုင်ငံတကာ ဘဏ္ဍာရေးပုံစံ ပြုပြင်ပြောင်းလဲရေးတို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို FFD ဆိုင်ရာ လေး ကြိမ်မြောက် နိုင်ငံတကာ ညီလာခံအနေဖြင့် ပိုမို အားကောင်းစေသင့်သည်။

ဥက္ကဋ္ဌခင်ဗျာ

AAAA အရ  ပုံဖော်ရာ၌ နိုင်ငံတကာ အသိုက်အဝန်းက ဖြစ်နိုင်သော ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီသော အထောက်အပံ့များ ပေးနေချိန် တသီးပုဂ္ဂလအဖွဲ့ဝင်နိုင်ငံများက တည်တံ့သော ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအတွက် ကိုယ်ပိုင်လမ်းကြောင်းဖြင့် တာဝန်ရှိရှိ ရပ်တည်နေသည်။

ကံဆိုးစွာဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီက တရားမဝင် စစ်အာဏာသိမ်းမှုက SDGs အကောင်အထည်ဖော်ရေး အလားအလာများအပြင် ကျွန်တော်တို့ လူငယ်များ၏ အနာဂတ်ကိုပင် ဖျက်ဆီးပစ်နေသည်။ စစ်အာဏာသိမ်းအုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူများသည် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံစားနေရလျက် ရှိသည်။ ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံအတွင်း AAAA ၏ အောက်ပါ လုပ်ဆောင်မှုနယ်ပယ်များကို ကျွန်တော့်အနေဖြင့် အလေးထား ပြောဆိုလိုသည်။

ပြည်တွင်းအများပိုင်အရင်းအမြစ်- ယိုယွင်းနေသော စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်မှု၊ ဆိုးဝါးလာနေသော လူသားချင်းစာနာထောက်ထားရေး အခြေအနေနှင့် အများအပြား နေရပ်ရွှေ့ပြောင်းရမှုများက ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးတို့ထက် ရှင်သန်ရေးအပေါ်တွင် ပြည်သူများ ပို၍ အာရုံစိုက်နေရစေသည်။ ၂၀၂၃ အတွင်း လူဦးရေ၏ ထက်ဝက်နီးပါးသည် အမျိုးသားဆင်းရဲမှုမျဉ်းအောက် နေထိုင်နေရကြောင်း UNDP က အစီရင်ခံစာ ထုတ်ပြန်ထားသည်။ အလယ်အလတ်တန်းစား ပျောက်ကွယ်လာနေမှုက လူ့အသိုက်အဝန်း၌ ကွာခြားချက် ကြီးထွာလာခြင်းကို ညွှန်ပြလျက် ရှိသည်။ ထိုပြင် လူအားအရင်းအနှီး ရင်းနှီးမြုပ်နှံမှုများက အနာဂတ်၌ လူလတ်တန်းစား ပြန်လည်ထွက်ပေါ်ရေးကို ခြိမ်းခြောက်လျက် ရှိသည်။

တချိန်တည်း၌ ဥပဒေစိုးမိုးရေး လုံးဝပြိုလဲခြင်းနှင့်  တောထနေသော အကျင့်ပျက်ခြစားမှုတို့က အွန်လိုင်းလိမ်လည်မှုများအပါအဝင် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ပို၍ ဆိုးဝါးစေသည်။ မြန်မာနိုင်ငံသည် ၂၀၂၃ နှစ်ကုန်၌ ကမ္ဘာတွင် ဘိန်းအများဆုံး ထုတ်လုပ်သော နိုင်ငံ ဖြစ်လာကြောင်း UNODC က ထုတ်ပြန်ခဲ့သည်။ ဘိန်းတင်ပို့မှုမှ ရရှိပြီး တရားမဝင် ဘဏ္ဍာရေးထဲ စီးဝင်သည့် ငွေကြေးသည် အမေရိကန်ဒေါ်လာ ၁,၃၄၇ သန်း ရှိသည်ဟု UNCTAD အရ သိရသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ ပုဂ္ဂလိက စီးပွားရေးနှင့် ဘဏ္ဍာရေး- တရားမဝင် စစ်အာဏာသိမ်းပြီးနောက် ဘဏ္ဍာရေးကက္ဍပြုပြင်ပြောင်းလဲမှုများ ဆုတ်ထိုင်းသွားပြီး အန္တရာယ်သို့ နောက်ကြောင်းပြန်သွားကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ ပြည်တွင်းဘဏ်အကျပ်အတည်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းအများအပြား အပါအဝင် ဖောက်သည် ငါးသန်းအထိ သက်ရောက်မှု ရှိခဲ့သည်။

ထိုပြင် မကြာသေးခင်က စစ်ကောင်စီ၏ ဥပဒေမဲ့ဖြစ်သော အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းသည် ပုဂ္ဂလိကဏ္ဍများ၌ လုပ်ကိုင်နေသူများအပါအဝင် လူငယ်အများအပြားအား နိုင်ငံမှ ထွက်ပြေးစေသည်။

ဥက္ကဋ္ဌခင်ဗျာ၊ အဆုံးသတ်ရလျှင် မြန်မာနိုင်ငံသည် လက်ရှိ၌ နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်းများ၏ လမ်းဆုံလမ်းခွတွင် ရှိနေသည်။ နိုင်ငံတကာအသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သော အကူအညီများသည် ပဋိပက္ခဒဏ်ခံအား ရှိသင့်ပြီး ကျွန်တော်တို့ ပြည်သူများ၏ ရည်မှန်းချက်ဆန္ဒများနှင့် တသားတည်း ဖြစ်သင့်သည်။ AAAA နှင့် ၂၀၃၀ လုပ်ငန်းစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သင့်တော်သော ပတ်ဝန်းကျင် ဖန်တီးရေးမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ယူနီယံ ထူထောင်နိုင်မှုသာ တခုတည်းသော လမ်းကြောင်းဖြစ်ကာ မြန်မာတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်မည် ဖြစ်သည်။

ကျေးဇူးတင်လျက်