ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရေး အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို

Photo-AFP

Mizzima

အမေရိကန် ဆီးနိတ် လူ့အခွင့်အရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသော လွှတ်တော်အမတ်များဖြစ်သည့် ခရစ်ကွန်းစ်နှင့် သွမ်တဲလစ်တို့သည် မေ ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့၌ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ပြီး ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုသည်။

“ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကမ္ဘာတလွှားက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေကြတဲ့ အရေးပါတဲ့ သတင်းသမားတွေကို ကျွန်တော်တို့ ချီးကျူးဂုဏ်ပြုပါတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဟာ ဘယ်လို ဒီမိုကရေစီအတွက်မဆို အခြေခံအုတ်မြစ်နဲ့ ဝိသေသလက္ခဏာပဲ ဖြစ်ပါတယ်၊ အမေရိကန်ဟာ အားလုံးအတွက် လွတ်လပ်ခွင့်ကို အကာအကွယ်ပေးတာမျိုး ဆက်လက်ရှိသွားမှာ ဖြစ်ပါတယ်”ဟု ယင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ရုရှ၏ ယူကရိန်းအား လူမဆန်သော ကျူးကျော်မှု၊ အီရန်၊ တရုတ်၊ ဘီလာရုစ်နဲ့ မြန်မာတို့က အာဏာရှင်အုပ်ချုပ်မှုတွေ၊ ကမ္ဘာတလွှားက လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေဟာ အမှန်တရားကို တင်ပြနိုင်ဖို့၊ မမျှတမှုတွေကို ထုတ်ဖော်ပြောဖိုနဲ့ နိုင်ငံသားတွေအပေါ် အစိုးရတွေက တာဝန်ခံဖို့အတွက် တိုက်ပွဲဝင်နေတဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေပဲ ဖြစ်တယ်၊ ၂၀၂၃ မှာ သတင်းသမား ၈၀၀ နီးပါး ဖမ်းဆီးခံရပြီး ၄၅ ဦးကျော်ထက်မနည်းက ၎င်းတို့ အလုပ်ကို လုပ်တဲ့အတွက် သတ်ဖြတ်ခံရတာကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့အရ သိရသည်။

တရားမဲ့ ဖမ်းဆီးထားသူတွေအတွက် အရေးဆိုနိုင်ဖို့၊ သတင်းထောက်တွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် အရေးကြီးတဲ့ သူတို့ရဲ့ အလုပ်ကို ဘေးကင်းကင်းနဲ့ ဆက်လက်နိုင်ဖို့ သတင်းသမားအားလုံးရဲ့ အခွင့်အရေးအတွက် ဖော်ဆောင်ဖို့ကို ကျွန်တော်တို့ အစစအရာရာ လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟုလည်း ဆိုထားသည်။

“အထူးသဖြင့် ကမ္ဘာအနှံ့မှာ မတရားသဖြင့် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်း ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်၊ ဒီအထဲမှာ ၂၀၂၃ မတ်လက အခြေအမြစ်မဲ့တဲ့ သူလျှိုလုပ်မှုစွဲချက်နဲ့ ရုရှမှာ အဖမ်းခံထားရတဲ့ Wall Street Journal သတင်းထောက် Evan Gershkovich၊ ရုရှမှာ တိုင်းရင်းသားလူနည်းစုတွေရဲ့ ဘဝတွေအကြောင်း ရေးသားလို့ လူသိများပြီး ၂၀၂၃ အောက်တိုဘာအတွင်းက ဖမ်းဆီးခံရတဲ့ Radio Free Europe/Radio Liberty က အမျိုးသမီး အယ်ဒီတာAlsu Kurmasheva၊ ဗီယက်နမ်မှာ လူ့အခွင့်အရေး လုပ်ဆောင်မှုနဲ့ ပိုပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ ဖြစ်ဖို့ ကြိုးပမ်းတာတွေကြောင့် နိုင်ငံတကာက အသိအမှတ်ပြုတာ ခံရတဲ့ ၂၀၂၁ မှာ ထောင်ဒဏ် ကိုးနှစ် ချမှတ်ခံရသူ ဗီယက်နမ် အမျိုးသမီး စာရေးဆရာနဲ့ သတင်းထောက် Pham Doan Trang၊ ကမ်မရွန်းမှာ ဆန္ဒပြသူတွေကို အလွန်အကျွံအင်အား သုံးတာကို ရိုးသားစွာ သတင်းဖော်ပြတာကြောင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသူ သတင်းထောက်နဲ့ လူ့အခွင့်အရေး ကာကွယ်သူ Tsi Conrad နဲ့ ဘူရန်ဒီနိုင်ငံက ဖြစ်ပွားဆဲ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ အစိုးရကို ဝေဖန်တာကြောင့် လက်ရှိမှာ ထောင်ဒဏ် ၁၀ ကျခံနေရတဲ့ သတင်းထောက် Floriane Irangabiye တို့လည်း အပါအဝင် ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

လွှတ်တော်အမတ် ကွန်းသည် ဆီးနိတ်လူ့အခွင့်အရေးအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌအပြင် နိုင်ငံနှင့် နိုင်ငံခြားလုပ်ငန်းများ၏ လျာထားငွေ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ကာ ဆီးနိတ်နိုင်ငံခြားဆက်ဆံရေး၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။