တောင်တရုတ်ပင်လယ်၌ တရုတ်အား ရပ်တန့်ရေး ဖိလစ်ပိုင်နှင့် ဒီမိုကရေစီနိုင်ငံများ ပူးပေါင်း

PHOTO: AFP

The HK Post

အိန္ဒိယနိုင်ငံသည် မြေပြင်၊ ပင်လယ်နှင့် ဝေဟင်တို့မှ ပစ်ခတ်နိုင်သည့် တာလတ်ပစ် အသံထက်မြန်သော BrahMos ခရုဇ်ဒုံးကျည် ပထမအသုတ်ကို ဖိလစ်ပိုင်နိုင်ငံသို့ ပေးပို့ခဲ့သည်။ Brahmos ဒုံးကျည်များသည် ယင်းအမျိုးအစားအတွင်း သေကျေပျက်စီးနိုင်မှု အပြင်းဆုံး အမျိုးအစားဖြစ်သည်။ အဆိုပါ ဒုံးကျည်မျာအား ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ခုံရုံးဥပဒေ၏ ၂၀၁၆ ဆုံးဖြတ်ချက်အား ချိုးဖောက်သည့် တရုတ်၏ တင်းမာပြီး တဖက်သတ်ဆန်သော ရန်လိုမှုများအား ခုခံရန် တောင်တရုတ်ပင်လယ်ပြင်၌ ဖြန့်ကြက်မည် ဖြစ်သည်။

တရုတ်နှင့် ဖိလစ်ပိုင်သည် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်မှု ရှည်ကြာသော သမိုင်း ရှိထားသည်။ သို့ရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ နယ်ချဲ့မဟာဗျူဟာကြောင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံချမ်းသာကြွယ်ဝမှု အလားအလာများ ရုပ်ပျက်စေလျက် ရှိသည်။

အတိတ်က တရုတ်သည် အရှေ့တောင်အာရှနိုင်ငံများ တည်ငြိမ်မှုကင်းအောင် “တော်လှန်ရေး” (အကြမ်းဖက်ဝါဒ) ကို ကူးလူးတင်ပို့ခဲ့သည်။ ဖိလစ်ပိုင်နှင့် နှစ်နိုင်ငံကြားက ပဋိပက္ခသည် တရုတ်၏ ဆိုးဝါးလွန်းသော “salami slicing” မဟာဗျူဟာကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။

တရုတ်သည် အိမ်နီးချင်းများ၏ ပိုင်နက်များကို ၎င်းတို့ ပိုင်နက်အဖြစ် အတည်ပြုသည့် အမူအကျင့် ရှိနေသည်။ ၎င်းတို့က ရပ်နားခြင်း မရှိ နယ်မြေ သေးငယ်သော အပိုင်းများကို တစစဖြင့် မောင်ပိုင်စီးနေချိန် အိမ်နီးချင်းများကမူ အငြင်းပွားမှု ပြေလည်ရေးအတွက် ရှည်ကြာသော တရားဝင်လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြသည်။ ယင်းတွင် တရုတ်က နောက်ထပ် ပိုင်နက်မြေကို မောင်ပိုင်စီးပြန်သည်။

အိန္ဒိယမှသည် ဂျပန်အထိ အိမ်နီးချင်းဖြစ်သော နိုင်ငံတိုင်းမှာ တရုတ်၏ တရားမဝင် လုပ်ဆောင်မှုများ၏ အပြင်းထန်ဆုံးဒဏ်ကို ခံစားကြုံတွေ့နေရသည်။

သို့ရာတွင် သဘာဝအရ မဟာဗျူဟာ မြောက်ရုံတင်မက တွင်းထွက်သယံဇာတ အမြောက်အမြားရှိရာ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ငါတကော ကောမှုက လက်စလက်န အကြီးဆုံးပဲ ဖြစ်သည်။ တခုသော ခန့်မှန်းချက်အရ ယင်းဒေသတွင် ရေနံစည်ပေါင်း ၁၁ ဘီလီယံ ရှိသော ရေနံသိုက်များ ရှိနေနိုင်သည်ဟု ခန့်မှန်းထားသည်။ ထိုပြင် အိန္ဒိယသမုဒ္ဒရာအတွင်း၌လည်း ဗီယက်နမ်မှသည့် အင်ဒိုနီးရှားအထိ ဝန်းကျင်ရှိ နိုင်ငံတိုင်းသည် ပိုင်နက်ချိုးဖောက်မှုအတွက် တရုတ်နှင့် ပဋိပက္ခ သမိုင်းကြောင်းများ ရှိထားကြသည်။

ဗီယက်နမ်ကဲ့သို့ နိုင်ငံငယ်များသည် တရုတ်အား ၎င်း၏ လမ်းကြောင်းမှ ရပ်တန့်ရန် ဓနအင်အား နည်းပါးသော်လည်း ဖိလစ်ပိုင်ကမူ ချွင်းချက်နိုင်ငံအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။ ဘေးအန္တရာယ်မှ လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ တိုက်ပွဲဝင်ရာတွင် ဖိလစ်ပိုင်တနိုင်ငံတည်း ထီးထီးတော့ မဟုတ်ပေ။ ယခု တဖက်စောင်းနင်း ယှဉ်ပြိုင်မှုတွင် ဖိလစ်ပိုင်၏ နောက်၌ ဒီမိုကရေစီကမ္ဘာတခုလုံး ရိုင်းပင်းထားလျက် ရှိနေသည်။ အိန္ဒိယက မြန်မြန်ဆန်ဆန်ပင် BrahMos ဒုံးကျည်များ ပေးပို့ခဲ့သည်။ ၂၀၂၂ ၌ အမေရိကန်ဒေါ်လာ ၃၇၅ သန်း သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သည်။ နောက်တနှစ်၌ အိန္ဒိယသည် တရုတ်၏ ကျူးလွန်ချိုးဖောက်မှုကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်၏ ပိုင်နက်တည်တံ့ခိုင်မြဲရေးအတွက် ရပ်တည်မှုကို အားပေးထောက်ခံခဲ့သည်။

“နှစ်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်မှု၊ ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှု အကျိုးစီးပွားမှာ ပတ်သက်နေတာ ဖြစ်တယ်၊ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနဲ့ နိုင်ငံတကာ ဥပဒေ အထူးသဖြင့် UNCLOS နဲ့ တောင်တရုတ်ပင်လယ်အရေး ၂၀၁၆ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ လိုအပ်တာကို မီးမောင်းထိုးပြတယ်”ဟု ၂၀၂၃ ဇွန် ၂၉ ရက်က ပူးတွဲထုတ်ပြန်ချက်၌ ဆိုသည်။

အဓိကအားဖြင့် တရုတ်သည် အဆိုပါ နိုင်ငံတကာ စီရင်ထုံးအား ကျော်လွှားရန် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ငွေနှင့်ပေါက်ပြီး ကြိုးပမ်းခဲ့သည်။ ဒူတာတေးသည် ရပ်ဝန်းနှင့် လမ်းပိုင်းစီမံကိန်းအတွက် တရုတ်နှင့် သဘောတူညီချက်ရရန် အမျိုးသားအကျိုးစီးပွားကို စတေးခဲ့သည်။ ထို စီမံကိန်းများမှ နုတ်ထွက်မည်ဟု သမ္မတသစ် ဖာဒီနန် မားကိုစ်ဂျူနီယာက ကြေညာပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ ဒူတာတေးအနေဖြင့်မူ တရုတ်နှင့် စားပွဲအောက် သဘောတူညီမှုများအတွက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရင်ဆိုင်ရဖွယ် ရှိသည်။

ဖိလစ်ပိုင်၏ ကာလရှည် မဟာမိတ် အမေရိကန်က နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုအတွက် ဖျက်အားပြင်း မြေပြင်အခြေစိုက် ဒုံးကျည်စနစ်ဖြစ်သော Thphon ကို မကြာသေးခင်က ပေးပို့ခဲ့သည်။ ယင်းသည် Typhon ဒုံးကျည်များအား အမေရိကန်ပြင်ပသို့ ပထမဆုံး ပေးပို့မှု ဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း ပထမဆုံး အမေရိကန်-ဂျပန်-ဖိလစ်ပိုင် သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီီယိုနှင့် ဖာဒီနန် မားကို့စ်တို့နှင့် တွေ့ဆုံခဲ့သည်။

“မိမိတို့အနေနဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အန္တရာယ်ရှိပြီး ရန်လိုတဲ့ အပြုအမူတွေအတွက် အလွန်ကို စိုးရိမ်ပူပန်ပါတယ်၊ တောင်တရုတ်ပင်လယ်မှာ မြေယာဖော်ပြီး စစ်ပုံစံသွင်းမှုနဲ့ ဥပဒေမဲ့ ရေပြင်ပိုင်နက်ပြုမှုတွေကိုလည်း မိမိတို့ စိုးရိမ်ပူပန်ပါတယ်၊ တောင်တရုတ်ပင်လယ်မှာ ကမ်းခြေစောင့်တပ်နဲ့ ရေပြင်ပြည်သူ့စစ်ရေယာဉ်တွေရဲ့ အန္တရာယ်ရှိပြီး နိုင်ထက်စီးနင်းပြုမှုတာတွေအပြင် အခြားနိုင်ငံတွေနဲ့ အငြင်းပွားအောင် လုပ်ဆောင်မှုတွေကို မိမိတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟု ဧပြီ ၁၁ ရက်က ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တချိန်တည်းတွင် ဖိလစ်ပိုင်သည် တရုတ်၏ နိုင်ထက်စီးနင်း ပြုကျင့်မှုများ ရပ်တန့်ရန် ကြိုးပမ်းခြင်း တစိတ်တဒေသအဖြစ် ဩစတြေးလျနှင့် မဟာဗျူဟာ ပေါင်းစည်းမှုကို ပိုမို နက်ရှိုင်းစေသည်။ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့သည် အင်ဒို-ပစိဖိတ် လွတ်လပ်မှုကို ဆက်ထိန်းသိမ်းနိုင်ရေးအား ပစ်မှတ်ထားသည့် အဖွဲ့ဝင် လေးနိုင်ငံပါ Quadrilateral Security Dialogue သို့မဟုတ် Quad အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ Quad အဖွဲ့၏ ပစ်မှတ်ထား ဧရိယာအတွင်း အရှေ့တောင်အာရှလည်း ပါဝင်သည်။ အဆိုပါ အဖွဲ့၏ ပထမဆုံး အစည်းအဝေးကို ၂၀၀၇ မေလက ဖိလစ်ပိုင်တွင် အာဆီယံ ဒေသတွင်းဖိုရမ် အစည်းအဝေး၏ ပြင်ပန်း၌ ပြုလုပ်ခဲ့သည်။

တချိန်တည်းတွင် နယ်ချဲ့သဘောထားသည် တရုတ်၏ ပြင်းပြသော စီးပွားရေးရည်မှန်းချက်များအပေါ် စတင်သက်ရောက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်းက တရုတ်ဆီ ထိုင်ဝမ်မှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ဒေါ်လာ ၁၁ ဘီလီယံ ရှိခဲ့သည်။ ၂၀၂၃ တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သုံးဘီလီယံသို့ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများကလည်း တရုတ်ကို ရှောင်ဖယ်ပြီး အိန္ဒိယဆီ ဦးလှည့်လာကြသည်။ တရုတ်၏ စံအမှတ် စတော့အညွှန်းကိန်းဖြစ်သော CSI300 သည် ၂၀၂၁ က ၅,၈၀၇ မှတ်မှ ၃၈ ရာခိုင်နှုန်း ထိုးကျကာ ၂၀၂၄ ဧပြီတွင် ၃,၅၆၇ မှတ်သို့ ရောက်ရှိသည်။ အလားတူကာလအတွင်း အိန္ဒိယစတော့အိတ်ချိန်း Niffy က ၁၃,၇၄၉ မှတ်မှ ၆၁ ရာခိုင်နှုန်း မြင့်တက်ကာ ၂၂,၁၄၇ သို့ ရောက်ရှိသည်။

“တရုတ်ဟာ ကမ္ဘာ့ အကြီးဆုံး ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်လာမယ်ဆိုတဲ့ ဇာတ်လမ်းတွေအပေါ် ရင်းခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုစာနောက်မှာတော့ တရုတ်ရဲ့ ရုတ်တရက် ထတောက်တဲ့ စီးပွားရေးကနေ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒေါ်လာဘီလီယံများစွာ ပြန်ထုတ်နေကြပြီဖြစ်တာကြောင့် ကမ္ဘာ့ဈေးကွက်တွေမှာ အလွန်အရေးပါတဲ့ အရွေ့ ဖြစ်နေတယ်၊ အဲဒီ ငွေကြေးတွေဟာ အခုဆိုရင် Goldman Sachs နဲ့ Morgan Stanley တို့ရဲ့ ထောက်ခံချက် ရတဲ့ ဈေးကွက်ဖြစ်တဲ့ အိန္ဒိယဆီ ဦးတည်နေပြီ”ဟု ဟောင်ကောင်အခြေစိုက် South China Morning Post က ဖေဖော်ဝါရီ ၆ ရက်၌ ရေးသားဖော်ပြသည်။ တချိန်က စည်းကားသော ဟောင်ကောင်သည်လည်း အမေရိကန်ကုမ္ပဏီများ ထွက်ခွာခြင်းကြောင့် တရုတ်၏ တစိတ်တဒေသဖြစ်ခြင်း၏ ဒဏ်ကို ခံစားကြုံတွေ့ရလျက် ရှိသည်။