မြောက်ကိုရီးယားဒုက္ခသည်များကို စီမံခန့်ခွဲမှုညံ့ဖျင်းသဖြင့် တရုတ်ဝေဖန်ခံနေရ

An activist holds a picture of an alleged young North Korean refugee during a demonstration calling on Chinese President Xi Jinping to allow safe passage to North Koreans detained in China, across the street from the Chinese embassy in Washington, DC, September 24, 2021. © 2021 Andrew Caballero-Reynolds/AFP via Getty Images

The Hong Kong Post

တရုတ်သည် အထူးသဖြင့် မြောက်ကိုရီးယားဒုက္ခသည်များနှင့် ပတ်သက်သော ဒုက္ခသည်အခြေအနေများကို ကိုင်တွယ်ရာတွင် ကမ္ဘာ့နိုင်ငံများ၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။ တကယ်တမ်းတွင် တရုတ်နိုင်ငံသည် လူ့ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားပြီး ထောင်သွင်းအကျဉ်းချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သေဒဏ်ပေးခြင်းတို့ ရင်ဆိုင်ရစေရန် မြောက်ကိုရီးယားဒုက္ခသည်များကို ရက်စက်စွာ နေရပ်ပြန်ပို့လျက်ရှိသည်။

မကြာသေးမီက ထွက်ပေါ်လာသည့် ကင်ချောင်အို့၏ ဇာတ်ကြောင်းသည် တရုတ်၏ လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်များကို ထုတ်ဖော်ပြသလိုက်သည်။ အလားတူဖြစ်ရပ်ကြုံရသော မရေမတွက်နိုင်သူများရှိသည့်အကြား သူမ၏ ဇာတ်လမ်းသည် လူသားဂုဏ်သိက္ခာ ပြောင်ပြောင်တင်းတင်းလျစ်လျူရှုခံရသော ဒုက္ခသည် အခြေအနေများကို ကိုင်တွယ်သည့် တရုတ်၏ အငြင်းပွားဖွယ်ရာအခန်းကဏ္ဍကို ထင်ဟပ်ပြသနေသည်။

မြောက်ကိုရီးယားတွင် အငတ်ဘေးဒဏ်မှ လွတ်မြောက်ပြီးနောက် ကင်ချောင်အို့သည် ပိုမိုကောင်းမွန်သောဘဝရရှိရန် မျှော်လင့်လျက် တရုတ်နိုင်ငံတွင် ခိုလှုံစရာရှာဖွေခဲ့သည်။ သို့သော် သူမသည် ဇနီးမယားအဖြစ် ရောင်းစားခံရပြီး ဆယ်စုနှစ်များစွာ မရေရာသောသော အခြေအနေ၌ နေခဲ့ရချိန်တွင် အိပ်မက်များ လဲပြိုသွားခဲ့သည်။ ကင်သည် စိတ်ဓာတ်ခိုင်မာသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပိုဆိုးရွားသော အလှည့်အပြောင်းဖြစ်ကာ လွတ်လပ်မှုကိုရှာဖွေရန် ဗီယက်နမ်နိုင်ငံသို့ အန္တရာယ်များသောခရီးထွက်ရန် ဖြစ်လာခဲ့သည်။ သို့သော် တရုတ်အာဏာပိုင်များက သူမအား မြောက်ကိုရီးယားသို့ အတင်းအကျပ် ပြန်ပို့သဖြင့် သူမ၏ မျှော်လင့်ချက်များ ရက်စက်စွာ ချေမှုန်းခံလိုက်ရသည်။ မြောက်ကိုရီးယားဒုက္ခသည်များနှင့်ပတ်သက်၍ တရုတ်၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေနှင့်စာချုပ်များနှင့် လုံးလုံးလျားလျား သွေဖည်နေကြောင်းတွေ့ရသည်။

တရုတ်သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအပြီး မြောက်ကိုရီးယားနယ်စပ် ပြန်ဖွင့်ချိန်မှစ၍ ရာနှင့်ချီသော မြောက်ကိုရီးယားမှ ပြည်ပြေးများကို နေရပ်ပြန်ပို့သဖြင့် ပြင်းထန်သောဖိအားများစွာ ကြုံနေရပြီး ကုလသမဂ္ဂက အဆိုပါဒုက္ခသည်များအတွက် လူသားချင်းစာနာမှုနေရာပေးရန် မကြာသေးမီက တောင်းဆိုခဲ့သည်။

တရုတ်သည် နေရပ်စွန့်ခွာထွက်ပြေးသူများကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမည့်အစား ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် နေရပ်ပြန်ပို့ရေးနည်းလမ်းကို ဆက်လက် လက်ကိုင်ပြုသွားဖွယ်ရှိကြောင်း Strait Times က ရေးသားထားသည်။ ရပ်တည်ချက်တွင် မည်သို့သော အပြောင်းအလဲပင်ဖြစ်ပါစေ အစုလိုက်အပြုံလိုက် ထွက်ခွာမှုဖြစ်ပေါ်စေနိုင်ကာ မြောက်ကိုရီးယားတွင် ကင်ဂျုံအွန်းအစိုးရ ပြိုလဲသွားနိုင်သည်ဟု ဆိုသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးကွန်ဗင်းရှင်းသည် လူပုဂ္ဂိုလ်များအား ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှု ကြုံရသည့် အခြေအနေများသို့ အတင်းအကျပ် ပြန်ပို့ခြင်းကို တားမြစ်ထားသည်။ တရုတ်သည် အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားသော်လည်း အားနည်းချက်ရှိသော ဒုက္ခသည်များကို အကာအကွယ်ပေးရေးထက် နိုင်ငံရေးမဟာမိတ်များကို ဦးစားပေးကာ အဆိုပါမူများကို ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်ပြုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) သည် မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာသူ ၅၀၀ ကျော်အား တရုတ်က အတင်းအကျပ်ပြန်ပို့မှုကို ရှုတ်ချခဲ့ပြီး ထောင်သွင်းအကျဉ်းချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် နေရပ်ပြန်ပို့ခံရသည့်အခါ ကြုံတွေ့ရသည့် ဆိုးရွားသောအန္တရာယ်များကို မီးမောင်းထိုးပြခဲ့သည်။ နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချနေသော်လည်း တရုတ်သည် မြောက်ကိုရီးယားဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးသည့် အစဉ်အလာကို ဆက်လက်လုပ်ဆောင်ကာ ၎င်းတို့၏ အတိဒုက္ခကို မျက်ကွယ်ပြုထားသည်။

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးရှိသော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထက် နိုင်ငံရေးဆိုင်ရာ လက်တွေ့အကျိုးဖြစ်သောနည်းလမ်းကိုဦးစားပေးလုပ်ဆောင်သောကြောင့် နယ်စပ်ဒေသများတွင်နေထိုင်သော မြောက်ကိုရီးယားဒုက္ခသည်များအပေါ် တရုတ်၏ရပ်တည်ချက်သည် ပြည်သူအားဆန့်ကျင်သောမူဝါဒများဖြစ်သည်မှာ ပေါ်လွင်သည်။ မြောက်ကိုရီးယားနိုင်ငံသား ၁၀,၀၀၀ ခန့်သည် တရုတ်နိုင်ငံတွင် ပုန်းအောင်းနေကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ၎င်းတို့အနက် အယောက် ၂ ,၀၀၀ ခန့်သည် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ်ကြား မြောက်ကိုးရီးယားနယ်စပ်ကို ပိတ်ထားချိန် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည်ဟု ယုံကြည်ရသည်။

မြောက်ကိုရီးယားသည် ၎င်း၏နယ်စပ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တရုတ်သည် ဟန်ကျိုးတွင် အာရှအားကစားပြိုင်ပွဲ ပြီးဆုံးပြီးနောက် အောက်တိုဘာလတွင် ပထမဆုံးအသုတ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသား ၆၀၀ ကို ပြန်ပို့ခဲ့ကြောင်း တောင်ကိုရီးယား၏ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

ကိုရီးယားလူ့အခွင့်အရေးနှင့် ပေါင်းစည်းရေးဆိုင်ရာ ရှေ့နေများအဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ကင်တေးဟွန်းက “ထွက်ပြေးလာသူတွေကို ပြန်ပို့တဲ့အခါ မြောက်ကိုရီးယားက သူတို့ကို ညှဉ်းပန်းနှိပ်စက်မယ် ဒါမှမဟုတ် သေဒဏ်ပေးမယ်ဆိုတာ တရုတ်က ကောင်းကောင်းသိပါတယ်။၊ တရုတ်က ဒီအကြောင်းတွေကို သိပေမဲ့ ပြန်ပို့တာပါ။ တရုတ်ဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ မြောက်ကိုရီးယားအစိုးရရဲ့ ကြံရာပါတွေလိုပါပဲ” ဟု ဆိုသည်။

မြောက်ကိုရီးယားမှ တရားမဝင် ထွက်ခွာသွားသည်ဟု ယူဆရသည့် နေရပ်ပြန်များအပေါ် ဆိုးဆိုးရွားရွား ပြုမူဆက်ဆံမှုကို သိရှိရန်နှင့် အဆိုပါ လွတ်မြောက်လာသူများအတွက် ထိရောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေရာပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက တရုတ်အား တိုက်တွန်းခဲ့သည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပထဝီဝင်နိုင်ငံရေးတွင်မြေစာပင်ဖြစ်နေသော မြောက်ကိုရီးယားဒုက္ခသည်များ၏ အကျပ်အတည်းသည် နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ရန် အရေးတကြီး လိုအပ်ကြောင်း ပြသနေသည်။ မြောက်ကိုးရီးယား ဒုက္ခသည်များ၏ ပြဿနာတည်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာသူ အယောက် ၃၀ ကို တရုတ်က အတင်းအကျပ် ပြန်ပို့ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ချိန်တွင် တောင်ကိုရီးယားအစိုးရ၊ အနောက်နိုင်ငံများနှင့် အာရှနိုင်ငံ အများအပြားက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ UNHCR ကလည်း နေရပ်ပြန်ချိန် ကြုံတွေ့ရသည့် ဆိုးရွားသော အန္တရာယ်များကို ထည့်သွင်းစဉ်းစားလျက် ဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် တရုတ်နိုင်ငံအား တိုက်တွန်းခဲ့သည်။

ထိုသို့ တိုက်တွန်းမှုများရှိသော်လည်း တရုတ်သည် နိုင်ငံတကာဥပဒေပါ တာဝန်ဝတ္တရားများကို လျစ်လျူရှုကာ အဓမ္မနေရပ်ပြန်ပို့ရေးမူဝါဒကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ တရုတ်အစိုးရသည် အထောက်အထားမဲ့ မြောက်ကိုရီးယားများကို တရားမဝင်စီးပွားလုပ် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်ပြီး ခိုလှုံခွင့်တောင်းခံခြင်း သို့မဟုတ် ပြန်လည်နေရာချထားခြင်းဆိုင်ရာအခွင့်အလမ်းကို ငြင်းပယ်ထားသည်။ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးကွန်ဗင်းရှင်းကဲ့သို့နိုင်ငံတကာ သဘောတူညီချက်များကို ဆန့်ကျင်ခြင်းဖြင့် တရုတ်သည် ၎င်း၏ တရားဝင်ကတိကဝတ်များကို ချိုးဖောက်ရုံသာမက မြောက်ကိုရီးယားဒုက္ခသည်များအတွက် ဒုက္ခသံသရာကိုလည်း ဆက်လည်စေသည်။