ဘူးသီးတောင်ရှိ တပ်မဌာနချုပ်စခန်းများနှင့် တပ်ရင်းများကို AA ထပ်မံသိမ်းပိုက်

002

‌မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (Arakan Army)တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ဘူးသီးတောင်-မောင်တောကားလမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းများ၊ ဘူးသီးတောင်နှင့် တောင်ကုတ်မြို့များရှိ တပ်မဌာနချုပ်စခန်းများနှင့် တပ်ရင်းများကို ထပ်မံသိမ်းပိုက်လိုက်သည်ဟု အာရက္ခတပ်တော်(AA)က မေ ၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဧပြီလ လလယ်ပိုင်းမှစတင်ပြီး AA က တိုက်ပွဲသတင်းများနှင့် စစ်ရေးအ‌ခြေအနေများကို တရား၀င်ထုတ်ပြန်ခြင်းမရှိရာမှ မေ ၄ ရက်တွင် ပြန်လည်ထုတ်ပြန်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ( ၅ )တောင်ကုတ်၊ စကခ(၉) ကျောက်တော်နှင့် စကခ(၁၅) ဘူးသီးတောင်တို့ရှိပြီး စကခ(၉) ကျောက်တော်နှင့် လက်အောက်ခံတပ်ရင်းများကို AA က ဖေဖော်ဝါရီ ၁၁ ရက်တွင် အပြီးသတ်သိမ်းယူခဲ့ပြီး ကျောက်တော်မြို့ကို AA က သိမ်းပိုက်ခဲ့သည်။

ယင်းနောက်ကျန်ရှိသည့် စကခ(၁၅) ဘူးသီးတောင် လက်အောက်ခံတပ်ရင်းများကို AA က ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီး ဧပြီလပိုင်းတွင်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

စကခ(၁၅) ဘူးသီးတောင်လက်အောက်တွင် ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် ဘူးသီးတောင်ဗျူဟာတွင် ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈) တို့ရှိသည်။ ယင်းတို့အနက်မှ ခမရ (၅၅၂) တပ်ရင်းအား မတ် ၂၅ ရက်တွင် လည်းကောင်း၊ ခမရ (၅၆၄) တပ်ရင်းအား ဧပြီ ၅ ရက်တွင် လည်းကောင်း၊ ခမရ (၅၆၅) တပ်ရင်းအား ဧပြီ ၂၄ ရက်တွင် လည်းကောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေ ၂ ရက်တွင်လည်းကောင်း၊ ခမရ (၅၅၁) တပ်ရင်းအား မေ ၃ ရက်တွင်လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိထားပြီးဖြစ်သည်ဟု AA က ဆိုသည်။

ကျန်ရှိနေသည့် တပ်ရင်း ခုနစ်ခုကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

စကခ (၁၅) တပ်မဌာနချုပ်အား ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်တွင် ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု AA က ‌ပြောသည်။

ထို့အတူ ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေသူများကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု AA က ဆိုသည်။

စခန်းစွန့်ခွာထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ‌ချေမှုန်းနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ထို့ပြင် ဘူးသီးတောင်-မောင်တော ကားလမ်းတလျှောက်ရှိ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်)နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု AA က ဆိုသည်။

အလားတူ အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာအား ဆက်လက်ထိုးစစ်ဆင်နေပြီး ‌မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း တိုက်ပွဲများဖြစ်ပွားနေသည်ဟု AA က ထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီးရမိထားပြီး AA ဘက်မှ အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ် စွန့်လွှတ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရခိုင်‌ဒေသအတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလသည် ခြောက်လနီးပါးခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ယင်းကာလအတွင်း ရခိုင်‌‌မြောက်ပိုင်းရှိ ကျောက်တော်၊ မင်းပြား၊ ‌မြောက်ဦး အစရှိသည့် မြို့များ၊ ချင်းပြည်နယ် ပလက်ဝဒေသ အစရှိသည်တို့ကို AA က သိမ်းပိုက်ထားသည်။

ရခိုင်ဒေသတွင်း လက်နက်ချအညံ့မခံသည့် စစ်ကောင်စီတပ်ရင်း ဌာနချုပ်နှင့် စစ်စခန်းများကို တရက်မှ ရပ်တန့်ခြင်းမရှိဘဲ ထိုးစစ်ဆင်နေသည်ဟု AA က ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)