ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်မှုက တရားမဝင်လမ်းကြောင်းမှ သွားရောက်သူ ပိုများလာစေနိုင်လို့ဆို

001

(မဇ္ဈိမ)။ ။မေလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီက အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်လိုက် တာဟာ တရားမဝင်လမ်းကြောင်းတွေကသွားရောက်သူ ပိုများလာစေနိုင်ပြီး လူကုန်ကူးမှုနဲ့ လိမ်လည်မှု တွေ ကြုံတွေ့လာရနိုင်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေကပြောပါတယ်။

အလုပ်သမား ထွက်ခွာခွင့်ကိစ္စရပ်တွေ ပိုမိုအချိန်ယူ စိစစ်နိုင်ဖို့နဲ့ အခြားအခြေအနေတွေအရ ယာယီ အား ဖြင့်ဆိုင်းငံ့ထားတာလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားပေမယ့် ဘယ်တော့ ပြန်ခွင့် ပြုမယ်ဆိုတာကို ဖော်ပြတာ မရှိပါဘူး။

စစ်ကောင်စီက စစ်မှုထမ်းဉပဒေအသက်သွင်းပြီးတဲ့နောက် သတ်မှတ် အသက်အရွယ်ကန့်သတ်ချက်မှာ အကျုံးဝင်နေတဲ့ အမျိုးသားတွေ ပြည်ပကို အများအပြားထွက်ခွာနေကြတဲ့အတွက် အခုလို တားမြစ်တာ ဖြစ်တယ်လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံတွေကို ထွက်ခွာလိုသူတွေများပြားလာပြီး တရားဝင်ရော တရား မဝင် လမ်းကြောင်းတွေကပါ သွားရောက်နေတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်သွားရောက် သူတွေ ဖမ်းဆီးခံရမှုတွေလည်း မကြာခဏ ရှိနေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေခံအလုပ်သမားအခွင့် အရေးနဲ့ လူ့အခွင့်အရေးတွေ ဆိုးရွားစွာဆုံးရှုံးလျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလရဲ့ မေလ ၁ ရက်နေ့က အလုပ်သမားထုကို သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်း ပြောဆို ထားပါတယ်။