မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာပြီးနောက် တရားမဝင် အရက်ထုတ်လုပ်မှုတိုးမြင့် ဟု မီဇိုရမ် အစိုးရ တာဝန်ရှိသူ ဆို

အရက်ချက်လုပ်သည့်နေရာကို ရဲတပ်ဖွဲ့မှဖမ်းဆီးစဥ်/ဓါတ်ပုံ – မီဇိုရမ်ရဲတပ်ဖွဲ့

ပါခွီး

(မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မြို့တော်အိုက်ဇောလ်နှင့် အနီးတဝိုက် တွင် မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာပြီးနောက် အရက်ထုတ်လုပ်မှု တိုးမြင့် လာကြောင်း မီဇိုရမ်ပြည်နယ် ယစ်မျိုးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မရှင်နာ ဇက် , လားလ်မားငိုက်ရာ က ပြောဆိုသည်။

“မြို့တော်နဲ့အနီးတဝိုက်မှာ တရားမဝင် နိုင်ငံလုပ် (ချက်အရက်) ထုတ်လုပ်တာတွေက အိမ်နီးချင်း မြန်မာနိုင်ငံက ဒုက္ခသည်များဝင်ရောက်လာပြီး သိသိသာသာတိုးမြင့်လာ ခဲ့တယ်” ဟု ကော်မရှင်နာက ဆိုသည်။

မီဇိုလူငယ်အသင်း(ဗဟို) နှင့် ယစ်မျိုးအရာရှိများ ပြုလုပ်သည့် မေလ ၂ရက်နေ့ အစည်းအဝေးတွင် ကော်မရှင်နာကယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အိုက်ဇောလ်မြို့နှင့် ဆင်ခြေဖုံးရှိ ဖွန်ကြောင်း (Phunchawng) နေရာတွင် ပြည်တွင်း ထုတ် (ချက်အရက်) ထုတ်လုပ်မှု မြင့်နေခြင်း ဟု ဆိုသည်။

မီဇိုရမ်ပြည်နယ်ရှိ အချို့သော ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် အရက်များ ပွင်းလင်းမြင်သာစွာရောင်းချနေကြောင်း အစီရင်ခံစာများအရသိရှိရ၍ အခွန်ဦးစီးဌာန မှ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သည် ၂၀၁၉ခုနှစ်မေလ စ၍ အရက်ရောင်းချခြင်းကို တားမြစ်သည့် ဥပဒေ (Mizoram Liquor Total Prohibition Act) ကိုပြဌာန်းခဲ့ပြီး အရက်သောက်သုံးမှု၊ ထုတ်လုပ်ရောင်းချမှုကို ပိတ်ပင်ထားသည့် ပြည်နယ် ဖြစ်သည်။

“အစိုးရကတော့ ပိတ်ထားတာပေါ့ဗျာ။ဒါပေမဲ့ မှောင်ခိုဈေးကွက်ရှိတော့ အဲဒီက နေ ဝယ်သောက်နေကြတာ သူတို့မီဇိုလူမျိုးတွေလည်းပါတယ်။သူတို့လူမျိုး တချို့တွေ ကိုယ်တိုင်က အရက်ရောင်းတာကို ပိတ်တာမကြိုက်ကြဘူး ။ ကျနော်တို့ကတော့ ဧည့် သည်ဆိုတော့ ဆင်ခြင်နိုင်ကြရင်အကောင်းဆုံးပေါ့ဗျာ” ဟု မြန်မာစစ်ဘေးရှောင် တဦးက မဇ္ဈိမကိုပြောသည်။

အိန္ဒိယနိုင်ငံထုတ် ပုလင်းဖြင့်ထည့်သွင်းထားသည့် အရက်အနီ (အရောင်ပါသော အရက်) သည် မှောင်ခိုဈေးကွက်တွင် ဈေးကြီးသောကြောင့် ဆန်ဖြင့်ချက်သည့် တောအရက်များ ပိုမိုထုတ်လုပ်ရောင်းချလာသည်မှာ ဖြစ်နိုင်ကြောင် ၎င်းက ဆိုသည်။

အရက်ထုတ်လုပ်ရာ နေရာများတွင် မြန်မာနိုင်ငံသား လုပ်သားများ ရှိကြောင်းနှင့် အတတ်နိုင်ဆုံး ဒေသက ဥပဒေများကို လိုက်နိုင်ကြစေလိုကြောင်း အဆိုပါ မြန်မာစစ်ဘေးရှောင်က ဆက်ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ကလေး ၁၃,၃၁၀ ဦး အပါအဝင် မြန်မာနိုင်ငံသား ၃၄,၀၀၀ ဦး ကျော် ခိုလှုံလျက်ရှိကြောင်း ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန စာရင်းဇယားများအရသိရ သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၂၅ရက်နေ့အထိ လေးလတာကာလအတွင်း ချက်အရက် ၂၁,၉၆၃လီတာ ၊ အိန္ဒိယလုပ် နိုင်ငံခြားအရက် ၈,၅၃၂ ပုလင်း နှင့် ဘီယာ ၆,၉၆၀ဗူး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မီဇိုရမ် ပြည်နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်နယ်အတွင်း အရက်သောက်သုံးရောင်းဝယ်မှုတားမြစ်ထားသော်လည်း ဆရာဝန် ဆေးလက်မှတ်၊ ရှာရှင်ခံစားခွင့်ရှိသည့် ဝန်ထမ်းများ နှင့် နိုင်ငံခြားခရီးသွားများ ကင်းလွတ်ခွင့်ရှိကြောင်းသိရသည်။

အရက်ထုတ်လုပ်ရောင်းချခြင်းဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒစ် ခြောက်လအထိ နှင့် ငွေဒဏ် ၁၀,၀၀၀ရူပီး အထိ ပူးတွဲချမှတ်နိုင်ကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး