စကခ(၁၅)တပ်မဌာနချုပ်ဒုတပ်မမှူးဦး‌ဆောင်သည့်စစ်သားများနှင့်တပ်မိသားစုဝင် ရာချီ AA ထံအညံ့ခံ

ဘူးသီးတောင် စကခ (၁၅) မှ လက်နက်ချသော ရာနှင့်ချီသည့် စစ်ကောင်စီီတပ်ဖွဲ့ဝင်များ(video- AA)

ဓါတု

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ဘူးသီး​တောင်အ​ခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်မိသားစုဝင်များလက်နက်ချအညံ့ခံ​ခဲ့​ကြောင်း အာရက္ခတပ်​​တော် (AA)က ယ​နေ့ ​မေလ ၆ ရက်တွင် ထုတ်ပြန်သည်။

မေလ ၄ရက်က လက်နက်ချအညံ့ခံခဲ့စဉ် ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို AA က ထုတ်ပြန်ခြင်းဖြစ်သည်။

စကခ(၁၅)တပ်မဌာနချုပ်အားထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့်အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြခြင်းဟု AA က ဆိုထားသည်။

စကခ(၁၅)မှ လက်နက်ချအညံ့ခံခဲ့ကြသူများကို AAတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ၍ခေါ်ဆောင်လာခဲ့ပြီး စုစုပေါင်းလူဦးရေ ၂၀၀ ထက်မနည်းပါရှိသည်ကို တွေ့ရသည်။ ဒဏ်ရာရသူအချို့ကို ထမ်းစင်များဖြင့် ထမ်းလာကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရိုဟင်ဂျာလူငယ်အချို့လည်းပါဝင်သည်ကို ရုပ်သံ၌ တွေ့ရသည်။

စကခ (၁၅) တပ်မဌာနချုပ်အား ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ ၁၂ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AAက မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီထံမှလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ချအညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီးရမိထားကြောင်း ယင်းနေ့ ထုတ်ပြန်ချက်၌အသိပေးထားသည်။

စကခ(၁၅)တပ်မမှူးသည် ထွက်ပြေးလွတ်မြောက်သွားပြီး ဒုတပ်မမှူးဦး‌ဆောင်ပြီး လက်နက်ချခြင်းဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးကပြောသည်။ စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ် ချန်နယ်များ၌ စကခ(၁၅)ဒုတပ်မမှူးအကြောင်းကို ပြောကြားထားခြင်းမရှိဘဲ တပ်မမှူးသည် မောင်တောမြို့၌ရှိနေကြောင်း ရေးသားဖော်ပြထားကြသည်။

စကခ (၁၅) တပ်မဌာနချုပ်နှင့်ဗျူဟာဌာနချုပ်တို့သည်ရခိုင်​ဒေသအတွင်းလူမျိူး​ရေး၊ဘာသာ​ရေးပဋိပက္ခဖြစ်ပွား​စေရန် အဓိကလုပ်​ဆောင်ခဲ့​သော ​ခေတ်အဆက်ဆက်လက်သည်တရားခံများဖြစ်သည်ဟု AAက ပြောထားသည်။

စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉) ကျောက်တော်နှင့် စကခ (၁၅) ဘူးသီးတောင်တို့သည် ရခိုင်ပြည်နယ်၌ရှိသည်။စကခ(၉) ကျောက်တော် လက်အောက်ခံတပ်ရင်းများအားလုံးကို ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

စကခ (၁၅) တပ်မဌာနချုပ်လက်အောက်ရှိ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် ဘူးသီးတောင်ဗျူဟာလက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမြောက်တပ် (၃၇၈) တို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင်တပ်မဌာနချုပ်တို့အားအပြီးသတ်သိမ်းပိုက်ရယူထားပြီး ဖြစ်သည်ဟု AAက မေလ ၄ရက်ထုတ်ပြန်ချက်၌ အသိပေးထားသည်။သိမ်းပိုက်ရယူရန်ကျန်ရှိနေသေးသော လက်ကျန်စခန်းများကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAကထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း