မြေပြင်သွားမောင်းသူမဲ့စက်ရုပ်ယာဉ်များ ယူကရိန်းစစ်မြေပြင်များတွင် ပေါ်ထွက်လာဟု ကျွမ်းကျင်သူများ ပြော

Milrem Robotics ၏ THeMIS မောင်းသူမဲ့ မြေပြင်ယာဉ်။ ဓာတ်ပုံ- Karim Jaafar/AFP

Defense News

ယူကရိန်းရှိ ရှေ့တန်းစစ်မျက်နှာများတွင် လက်နက်တပ် လေကြောင်းသွားဒရုန်းများနှင့် အမြောက်လက်နက်ကြီးများက စစ်သားများ၏ ရွေ့လျားလှုပ်ရှားမှုများကို ခြိမ်းခြောက်လျက်ရှိစဉ် စစ်သားများကို ထောက်ပံ့ပေးပို့မှုများ လုပ်ဆောင်ရန် စစ်မြေပြင်တွင် ရွေ့လျားသွားလာနေသည့် အကြမ်းထည် မြေပြင်သွားစက်ရုပ်ယာဉ်များကို ကျွမ်းကျင်သူများ စတင်မြင်တွေ့နေရပြီဖြစ်သည်။

လက်ရှိအချိန်အထိ ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေသော ဖျော့တော့သည့် ရုပ်သံတခုတွင် သတိပြုတွေ့မြင်ထားရသည့် စနစ်များက ထောက်ပံ့ပို့ဆောင်ရေးအတွက် ဒီဇိုင်းထုတ်ထားပုံရပြီး ယင်းစနစ်တို့က စစ်သားများ ၎င်းတို့၏ ပစ်ကျင်းများမှ ထွက်ကာ စွန့်စားလှုပ်ရှားခြင်းကို မလိုတော့စေရန် လုပ်ဆောင်ပေးသည်။ ယူကရိန်း၏ အသေးစား ဒရုန်းများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်သားများကို အထောက်အပံ့များ ပေးပို့ပေးသည့်၊ ဘေးကင်းရာရွှေ့ပြောင်းမှုကို မည်သည့်အခါမှ ရှင်းရှင်းလင်းလင်း မပြသော်လည်း ဒဏ်ရာရ စစ်သားတဦးကို သယ်ယူပို့ဆောင်ပေးသည့် ရုရှား UGV (unmanned ground vehicle) လူမဲ့ မြေပြင်သွားယာဉ်တစင်းကို ပြသသော ဗီဒီယိုကလစ်တခုကို ရုရှားအစိုးရနှင့် ပတ်သက်နှီးနွယ်သော တယ်လီဂရမ် ချန်နယ်တခုက မကြာသေးခင်က ထုတ်ဖော်ပြသခဲ့သည်။

“စောင့်ကြည့်ထောက်လှမ်းရေး ဒရုန်းတွေရော၊ ရေဒီယိုထိန်းချုပ် ဒရုန်းတွေရော၊ လေထဲမှာ ဒရုန်းတွေအများအပြား လှုပ်ရှားနေတာကြောင့် မြေပြင်မှာ သွားလာလှုပ်ရှားရတာက နှစ်ဖက်စလုံးအတွက် အင်မတန် အခက်တွေ့လာပါတယ်” ဟု အမေရိကန်အခြေစိုက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့ ရေတပ် လေ့လာစိစစ်မှု စင်တာ ၏ သုတေသနအကဲခတ်တဦးဖြစ်သော ဆမ် ဘန်းဒတ်က Defence News ကို ပြောသည်။ “ဆိုတော့ ထောက်ပံ့ပို့ဆောင်မှု၊ ထောက်ပံ့ပေးပို့မှုနဲ့ ဘေးကင်းရာ ရွှေ့ပြောင်းမှုလိုမျိုး ပုံမှန်အလုပ်တွေက ရန်သူ့ဘက်က ရှာတွေ့ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမယ့် အန္တရာယ်မှာ ရှိနေပါတယ်”
ယင်းကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းတပ်ဖွဲ့များရော၊ ရုရှားတပ်ဖွဲ့များရောသည် ယင်းကဲ့သို့ လုပ်ငန်းများအတွက် “ရိုးရှင်းသည့် DIY ပလက်ဖောင်းများ” ကို လက်တွေ့ဖြန့်ကြက်လာသည်ဟု ဘန်းဒတ်က ပြောသည်။

ရုရှား၏ အမှတ် ၈၇ ရိုင်ဖယ်တပ်ရင်းက ဗီဒီယိုကို မှတ်တမ်းတင်ခဲ့ပုံရသည်ဟု ဝါရှင်တန်အခြေစိုက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့ ဥရောပ မူဝါဒ လေ့လာစိစစ်မှု စင်တာမှ အဖွဲ့ဝင်တဦးဖြစ်သည့် ဖက်ဒါရီကို ဘော်ဆာရီက ပြောသည်။ ထိုတပ်ရင်းသည် လက်ရှိတွင် ယူကရိန်းနိုင်ငံ အက်ဒစ်ဗ်ကာမြို့၏ တောင်ဘက် စက်မှုဧရိယာတွင် လှုပ်ရှားနေသည်။

“ဒီ UGV က စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်လုပ်ထားတဲ့စနစ်တခုထက်စာရင် ရိုးရှင်းပြီး လက်မှုပညာနီးပါး စနစ်တခု ဖြစ်ပုံရတယ်။ ဆိုင်းထိန်းစနစ်တွေ၊ ရော်ဘာ ဘီးပတ် ချိန်းကြိုးတွေနဲ့ အင်ဂျင် အစိတ်အပိုင်းတွေကို စင်ပေါ်ကနေ ယူပြီး ယူကရိန်းမှာရှိတဲ့ တပ်ဖွဲ့တွေဆီ တိုက်ရိုက်ပေးပို့တဲ့ ဓာတ်ပုံတွေကို တယ်လီဂရမ်ချန်နယ်မှာ ပြသပါတယ်” ဟု ၎င်းက ပြောသည်။

ပလက်ဖောင်း၏ ပုံပန်းသွင်ပြင်အရ ယင်းကို ရှေ့တန်းစစ်မြေပြင်တွင် စစ်သားများ သို့မဟုတ် မိမိဆန္ဒအလျောက် စစ်ထဲဝင်သူများက တပ်ဆင်ကောင်းတပ်ဆင်နိုင်သည်ဟု ကျွမ်းကျင်သူနှစ်ဦးစလုံးက အမြင်သဘောတူသည်။

ဘီးပတ် ချိန်းကြိုးတပ်နှင့် ဘီးတပ် ရော ပါသည့် အခြားသော အလားတူ DIY ပရောဂျက်များကို လက်ရှိတွင် ထောက်ပံ့ပို့ဆောင်မှု ပလက်ဖောင်းများအဖြစ် ရုရှားစစ်သားများက စမ်းသပ်မှုများ လုပ်ဆောင်နေသည်ဟု ဘန်းဒတ်က မှတ်ချက်ပြုသည်။

ယာယီသုံး စက်ရုပ်များက ဒဏ်ရာရ စစ်သားတယောက်ကို သယ်ယူပို့ဆောင်ပေးနိုင်သလား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဗီဒီယိုတွင် မြင်တွေ့ရသည့် တခုက သီအိုရီအားဖြင့် ယင်းအလုပ်ကို လုပ်နိုင်ကြောင်း အကဲခတ်များက ပြောသည်။

“ယာဉ်ရဲ့ အခြေခံ ဒီဇိုင်းက ခန့်မှန်းခြေအားဖြင့် အလျားအရှည် ၁ ဒသမ ၅ မီတာ၊ အနံ ၁ ဒသမ ၂၀ မီတာ ဖြစ်ပုံရတယ်။ အဲဒါနဲ့အတူ စစ်သားတယောက်ကို သယ်ဆောင်ဖို့ အလယ်အပိုင်းရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်မှာ တိုးချဲ့နိုင်တဲ့ အပြားအချပ်နှစ်ခု ရှိတယ်” ဟု ဘော်ဆာရီက ပြောသည်။

မြေပြင်သွားစက်ရုပ်များကို ရုရှားတို့ မကြာသေးခင်က စမ်းသပ်မှုများ လုပ်ဆောင်ခြင်းက ဦးတည်ရာအလားအလာတခုကို အချက်ပြမှုဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။ “ရုရှားကုမ္ပဏီတွေ လုပ်ဆောင်နေတဲ့ အမျိုးမျိုးသော UGV ရှေ့ပြေးပုံစံတွေကို ကြည့်မယ်ဆိုရင် အနာဂတ် စစ်ဖက်ဆိုင်ရာ လုပ်နိုင်စွမ်းတွေအတွက် အဲဒီအပိုင်းက အရေးကြီးတဲ့ အပိုင်းတခုဖြစ်မယ်လို့ မော်စကိုက သဘောထားတယ်ဆိုတဲ့ ရှင်းလင်းတဲ့ အရိပ်လက္ခဏာတခုဖြစ်တယ်”