မြိတ်ခရိုင် တိုက်ပွဲတွင် တပ်စုမှူး အပါအဝင် PDF တပ်ဖွဲ့ဝင် ၅ ဦးကျ

ပုလော PDF စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက တနင်္သာရီနှင့် ပုလောမြို့နယ်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ပုလောမြို့နယ် ထမင်းမစားကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မေ ၂ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် သွားရောက် တိုက်ခိုက်ခဲ့ရာ တနေကုန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲကို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူပေးခဲ့ရာ ထိုလက်နက်ကြီး ထိမှန်ပြီး နဂါးမဲမဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တပ်စုမှူး တဦးနှင့် နောက်တဦး ကျဆုံးခဲ့သည်။

“တနေကုန် တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ဘက်ကလည်း ရဲဘော် နှစ်ဦးကျတာပေါ့၊ စစ်တပ်ဘက်ကလည်း ထိခိုက် ကျဆုံးများနိုင်တယ်”ဟု မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

အလာတူ တနင်္သာရီမြို့နယ်အတွင်း မေ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား အများပြားဖြင့် စစ်ကြောင်းထိုး ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့သည်။

“စစ်တပ်နဲ့ အနီးကပ် ပစ်ခတ်ခံရတဲ့ ရဲဘော် သုံးဦးကတော့ ရက်ရက် စက်စက် သတ်ဖြတ်ခံရတဲ့ အပြင် မီးပါ ရှို့ခံထားရတယ်” ဟု PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ယခု မေလ ပထမ အပတ်ထဲတွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ မြိတ်ခရိုင်ထဲက ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။

အလားတူ ကော့သောင်းခရိုင် ဘုတ်ပြင်းနှင့် တနင်္သာရီ အစပ်ရှိ ၁၀၂၀ မိုင်တိုင်တို့တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ တိုက်ခိုက်မှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်