နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၆ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၅ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က ထုတ်ပြန်ထားသည်။

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကို ငွေကျပ် ၁၀ သိန်းထောက်ပံ့ခဲ့ကြောင်း ZERO တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီး၏ ပြောဆိုချက်ကို ကိုးကား၍ NUG ရုပ်သံ PVTV တွင်ဖော်ပြ ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အခြေစိုက် သတင်းပြန်ကြားရေး စင်တာများ တာဝန်ရှိသူများကို ပုလဲမြို့နယ် မြို့နယ် လူသားစာနတာဝန်ခံ၊ ပအဖ တို့က ဆန်၊ ဆီ၊ ဖုန်းဘေလ်စသည့်များ ဒုတိယ အကြိမ် ထောက်ပံ့ပေးခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှု အောက်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျ ဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွား မည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (၃) နှစ်ပြည့်၌ ကတိပြု ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄) ကို မေ ၅ ရက် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူ စစ်ကြောင်းက သတင်းထုတ်ပြန် ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက တနင်္သာရီနှင့် ပုလောမြို့နယ်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့များ က ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် အထိုင်ချတပ်စွဲ ထားသည့် စစ်ကောင်းတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရမှု မေလ ၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် အမျိုးသား ၈၀ကျော်အထိ စစ်ကောင်စီ၏ ဖမ်း​ဆီးခံရမှုများကြောင့် နေ့ခင်း၌ပင် လူသွား၊လူလာ ရှင်းလင်းပြီး တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျွန်းလည်ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၆ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က လုံခြုံရေး တင်းကြပ်ထားသော လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီက ဦးဆောင်ကာ ယနေ့ မေလ ၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆေးကြီးတောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

ရခိုင်ပြည်နယ်၊ဘူးသီး​တောင်အ​ခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်မိသားစုဝင်များလက်နက်ချအညံ့ခံ​ခဲ့​ကြောင်း အာရက္ခတပ်​​တော် (AA)က ယ​နေ့ ​မေလ ၆ ရက်တွင် ထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်တစီးကို ယနေ့(မေလ ၆ ရက်) နံနက်ပိုင်းက ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများတော်လှန်ရေးတပ် KNDF မှ အတည်ပြုသည်။

စစ်တပ်က ၂၀၁၆ ခုနှစ်တွင် ​လေးလ​ကျော်ကြာထိုးစစ်ဆင်တိုက်ခိုက်၍ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဂီဒွန်​တောင်စစ်စခန်းကို KIA က ၄၂ နာရီကြာတိုက်ခိုက်ပြီး ယ​နေ့ (​မေ ၆ )ပြန်လည်သိမ်း ပိုက်နိုင်ခဲ့သည်။

ကရင်ပြည်နယ် ၊ဖာပွန်မြို့နယ် ထဲက ထိုင်း − မြန်မာ နယ်စပ်အနီးမှာ နေရာယူတပ်စွဲထားသည့် စခန်း အပါအဝင် တပ်စခန်း ၅ ခုကို ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်က စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU ) တပ်မဟာ ၅ က ထုတ်ပြန်သည်။

စစ်ကောင်စီ

ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေချိန် တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၈၈ ဦး သည် ဘင်္ဂလားဒေ့ရှ် သို့ မေ ၅ ရက် နံနက်ပိုင်းက ခိုလှုံ ဝင်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်သည် မကြာသေးခင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အဆင့်မြင့်ဒရုန်းများ ဝယ်ယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးက အဓိကပတ်သက်နေသည်ကို မဇ္ဈိမ၏စုံစမ်းဖော်ထုတ်မှုအရသိရှိရသည်။

နေပြည်တော်တွင်ပြုလုပ်နေသည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ကျောက်မျက် အတွဲ ၁၉၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC – II) ၌ကျင်းပရာ စစ်ကောင်စီ ဒုခေါင်းဆောင် ကြီးစိုးဝင်း တက်ရောက် အမှာ စကား ပြောကြားခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

မေ ၆ ရက် သုံးသပ်ချက်

စစ်​ကောင်စီ​က လူအင်အားနည်းလာသည့်အတွက် ဒရုန်းသုံးပြီး တိုက်နိုင်ရန် ပြင်ဆင်လာသည် ကိုတွေ့ရသည်။ယင်းသို့ပြင်ဆင်လာရာမှာလည်း သာမန်ဒရုန်းများမဟုတ်ဘဲ အဆင့်မြင့်ဒရုန်းများ ဝယ်ယူအားဖြည့်လာသည်ဟု ဆိုထာသည့်အတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် သတိထားရ၍ စစ်ရေးလှုပ်ရှားမှုများ စစ်ခန်းလုံခြုံရေးများ ပိုမိုသတိထားရမည်ဖြစ်သည်။