အရှိန်မြင့်လာသည့် ကချင်ဒေသ စစ်ရေးအခြေအနေ

KIA သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ တပ်စခန်းများ

အဂမ်ရေးသားသည်

ကချင်ဒေသတွင် KIA နှင့် ပူးပေါင်းမဟာမိတ်တပ်က ထိုးစစ်အရှိန်မြင့်ပြီး နှစ်လအကြာတွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ အမြောက်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီ ဗျူဟာကုန်း၊ အမြောက်ကုန်းများ အပါအဝင် စစ်ကောင်စီတပ်စခန်း အကြီး နှင့် အသေး စုစုပေါင်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA စစ်ရေးရုံး အချက်အလက်အရ သိရသည်။

ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ ခလရ (၄၆) ဗျူဟာကုန်းကို စစ်ကောင်စီက ကုန်းလမ်းစစ်ကူများဖြင့် အင်အားဖြည့်တင်းသည် သာမက လေကြောင်းပစ်ကူဖြင့်ပါ ကာကွယ်ခဲ့သော်လည်း KIA က ယမန်နေ့ မေလ ၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ စုစုပေါင်း လေးမြို့ကို KIAက သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဆွမ်ပရာဘွမ်ကို အပြီးသတ်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ စခန်းငယ်နှစ်ခုသာ သိမ်းပိုက်ရန်လိုတော့ကြောင်း သိရသည်။

“သူတို့ဘက်ကလည်း စခန်းလက်မလွှတ်ရေး ပူတာအိုဘက်ကနေ အင်အားဖြည့်တင်းတာတွေ ရှိတယ်။ အခု စခန်းက မြစ်ကြီးနားကနေ တက်လာရင် ပူတာအိုမြို့ရဲ့ ကျောထောက်နောက်ခံနေရာလည်း ဖြစ်တယ်။ မြို့နယ်တခုလုံးကို လုံခြုံရေးယူပေးနေတဲ့ နေရာဆိုလည်း မမှားဘူး “ဟု KIA တပ်မဟာ (၁) အရာရှိကြီး တဦးက မှတ်ချက်ပြုသည်။

စခန်းငယ်နှစ်ခု သိမ်းရန် ကျန်ရှိနေသေးသည့်အတွက် သတင်းများတွင် ဖော်ပြနေကြသကဲ့သို့ ဆွမ်ပရာဘွမ်မြို့ကို သိမ်းဆည်းပြီး ဆိုသည်မှာ မဟုတ်ကြောင်း ၎င်းက မေလ ၆ ရက် နံနက်ပိုင်းက ဆိုသည်။

KIA ထိန်းချုပ်နိုင်ထားတဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ် အရှေ့ခြမ်း

ကချင်ပြည်နယ် ဧရာဝတီမြစ် အရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်း ကြီး၊ငယ် အားလုံးကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ဂီဒုန် စခန်းကို ယနေ့( မေလ ၆ ) ရက် နေ့လယ်ပိုင်းတွင် KIA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

KIA က တရုတ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် လိုင်ဇာမှ မိုးမောက်အထိ ဧရာဝတီမြစ် အရှေ့ခြမ်းက နယ်မြေများကို ထိန်းချုပ်ထားနိုင်ပြီး မြစ်အနောက်ခြမ်းရှိ နယ်မြေများ ဖြစ်သည့် မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းဒေသများကို စိုးမိုးထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ဧရာဝတီမြစ်အရှေ့ခြမ်း ဗန်းမော်တွင် ဒေါဖုန်းယန်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၄၂) ဌာနချုပ်၊ မိုးမောက်မြို့နယ်ရှိ ဒါဆိုင်းအခြေစိုက် ခလရ (၂၃၇) ဌာနချုပ်၊ နွယ်လန်းအခြေစိုက် ခမရ (၄၃၈) ဌာနချုပ်၊ ( ၆၁၆ ) ဒုံးတပ်၊ နောင်ကွန်အခြေစိုက် အမတ(၃၇၀) ဌာနချုပ်တို့ ကို KIA က သိမ်းပိုက်ထားသည်။

ထို့အပြင် မြို့သစ်နှင့် ကုန်းလောအခြေစိုက် ခမရ ( ၃၂၀) ၊ ခမရ (၃၈၇ )တပ်ရင်းဌာနချုပ်များသာမက ငါးအိုးမြို့ အခြေစိုက် ခလရ (၁၂၁) တို့ကို သိမ်းပိုက်ထားသည်။

လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေ KIA ပြန်လည် သိမ်းပိုက်

ဂီဒုန်နှင့် ဆမားကုန်းရှိ စခန်းများမှာ ၂၀၁၆ က စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်သိမ်းပိုက်ခြင်းခံခဲ့ရသည့် KIA ၏ နာမည်ကြီး စခန်းများဖြစ်သည်။ ထိုစခန်းနှစ်ခုလုံးကို KIA က ပြန်လည် သိမ်းပိုက်နိုင်ပြီးဖြစ်သည်။

KIA ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တပ်စခန်း

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆမားကုန်း အပါအဝင် ကဂမ်၊ အင်ခရမ်၊ ဂီဒုန် ၊ ကုန်းလိမ်နှင့် ငါးဂရန့် ရှိ စစ်ကောင်စီတပ်ကို KIAနှင့် မဟာမိတ်တပ်က မေလ ၄ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

မေလ ၅ ရက်တွင် ကဂမ်၊ ဆမားကုန်း၊ ကုန်းလိမ်ရှိ စစ်ကောင်စီတပ်များကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

” အခုသိမ်းတဲ့ ဟာတွေက တပ်စခန်းကြီးတွေပဲ။ အဲဒါတွေ ကို သိမ်းပြီးရင်တော့ မြစ်ကြီးနား ၊ ဗန်းမော်လမ်း တပ်စခန်းတွေ မရှိတော့ဘူးလို့ ပြောလို့ရတယ်”ဟု ပြောသည်။

KIA က စစ်ကောင်စီအတွက် အရေးပါသည့် တပ်စခန်းများဖြစ်သည့်ဒေါဖုန်းယန်၊ ကုန်းလော၊ မြို့သစ်၊ မိုးမောက် လမ်းကြောင်းရှိ တပ်ရင်းဌာနချုပ်များသာမက စိန်လုံ၊ ယောယုံဗျူဟာကုန်းများပါ သိမ်းပိုက်ပြီး ဗန်းမော်မြို့အနီးသို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။

စိန်လုံ၊ ယောယုံစခန်းများပါ အသိမ်းခံရသည့် စစ်ကောင်စီတပ်သည် လိုင်ဇာကို သာမက မိုင်ဂျာယန်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။

စစ်ကောင်စီ ရှစ်နှစ်ကျော်ကြာ ထိန်းချုပ်ခံထားရသည့် KIA တပ်ရင်း( ၃ ) အခြေစိုက် ငါးဂရန့် (Nga Gyang) တပ်စခန်း သည်လည်း မေလ ၄ ရက်က KIA လက်တွင်း ပြန်လည်ရောက်ရှိလာသည်။

ကချင်ပြည်နယ်တွင်း စစ်ကောင်စီ အခြေအနေ

စစ်ကောင်စီသည် ဗန်းမော်တွင် ခံစစ်ပြင်ဆင်နေကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။
ဗန်းမော်၌ စကခ (၂၁) ဌာနချုပ်၊ ရှေ့တန်း တပ်မ (၈၈) ဌာနချုပ်၊ ခလရ ( ၂၃၆ ) တပ်ရင်းဌာနချုပ်၊ ခလရ (၄၇) ဌာနချုပ်၊ အမတ (၃၆၆) တပ်ရင်းဌာနချုပ်၊ သံချပ်ကာတပ်ရင်း (၇၀၀၆) နှင့် လက်ရုံးတပ်များ ရှိသည်။ ဗန်းမော်‌စစ်မျက်နှာတွင် ရှေ့တန်းစစ်ဆင်ရေး ဝင်နေသည့် တပ်မ (၈၈) တပ်မမှူးသည် မတ်လ ၂၉ ရက်က မိုးမောက်ဒေသတိုက်ပွဲတွင် ကျဆုံးသွားပြီး စကခ (၂၁) တပ်မမှူးက လက်ရှိကွပ်ကဲနေသည်။

ဖားကန့်ဒေသသည် နှစ်ဖက်လက်နက်ကိုင်တပ်အတွက် ဘဏ္ဍာရေးအရ အရေးကြီးသည့် ဒေသဖြစ်သည်။ KIA က ဖားကန့်ဒေသကို ဝှေခါ၊ နန့်တိန်း၊ တာမခန် အစရှိသော နေရာများမှ ဖြတ်တောက် ပိတ်ဆို့လိုက်ပြီးနောက်ပိုင်း တဖြည်းဖြည်း ရှေ့တိုးလာရာ တာမခန်၊ ဝှေခါဘက်ခြမ်းမှ ဆိုလျှင် ကသိုင်းတောင်၊ တန်သုံးထောင် စခန်းများကို သိမ်းပိုက်ပြီး လက်ရှိ စစ်‌ေကာင်စီတပ်ဗျုဟာကုန်းရှိရာ ဆိုင်းတောင်အထိ ရောက်ရှိလာသည်။

လက်ရှိ ဖားကန့်ဒေသကို ထိန်းချုပ်ထားသော စစ်ကောင်စီ တပ်မ (၃၃ ) သည် KIA ပူးပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့မှုခံထားရသည် ။

၂၀၂၃ ဇူလိုင်လတွင် ထိုးစစ်ဆင်လာခဲ့သည့် စစ်ကောင်စီ၏ နန်ဆန်ယန်စစ်ဆင်ရေးကြောင့် ကချင်ပြည်နယ်တွင်း KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိုစစ်ဆင်ရေးတွင် KIA က စစ်ရေးအရ အသာစီးရခဲ့ကာ စက်တင်ဘာလတွင် တိုက်ပွဲများ ခေတ္တ ရပ်တန့်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် KIA ဘက်ကနေ ထိုးစစ် စစ်ဆင်ရေး စတင်ခဲ့ပြီး မတ်လ ၇ ရက်တွင် စစ်ဆင်ရေးကို အရှိန်ထပ်မြှင့်လိုက်ခြင်းဖြစ်သည်။

KIA တပ်မဟာ (၁) နယ်မြေနှင့် KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး တရုတ်နယ်စပ်နားက နာမည်ကြီး ဂိဒုန်တောင်ကြောတွင်လည်း သေနတ်သံများရှိနေဆဲဖြစ်၍ တိုက်ပွဲသည် ဆက်လက်ပြင်းထန်လာနိုင်သေးကြောင်း ကချင်နိုင်ငံရေး သုတေတီများက သုံးသပ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး