ကလေးမြို့ရှိ စစ်ကောင်စီအခြေစိုက် ၃ နေရာ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ဝင်များ/ဓါတ်ပုံ – Wings of Kalay

ပါခွီး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ရှိ စစ်ကောင်စီအခြေစိုက် နေရာသုံးခု ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay က ယမန်နေ့(မေလ ၆ရက်)တွင် ထုတ်ပြန်သည်။

ကလေးမြို့ အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရုံးတွင် ဗုံးသီးနှစ်လုံး ၊ စစ်ကောင်စီ၏ ထောက်ပို့တပ် (ထပရ – ၉၃၄)တွင် ဗုံးသီး သုံးလုံးနှင့် ကလေးမြို့ လေ ယာဥ်ကွင်း၌ ထောက်ပို့လေယာဥ်ဆင်းနေချိန် ဗုံးသီးလေးလုံး စုစုပေါင်း ဗုံးသီးကိုးလုံး ကို ဒရုန်းဖြင့်ချ၍ ယမန်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လေယာဥ်ကွင်းရှေ့ကဖြတ်သွားတော့ ဗုံးပေါက်ကွဲတာ အတိုင်းသားကြားရ တယ်။ လေယာဥ်ကွင်းလုံခြုံရေးစောင့်တဲ့ ခွေး(စစ်ကောင်စီတပ်) တွေတောင် လှုပ်လှုပ်ရွရွနဲ့ သေနတ်တပြင်ပြင်ဖြစ်ကုန်တာတွေ့ရတယ်” ဟု ကလေးမြို့ဒေသခံက မဇ္ဈိမကိုပြောသည်။

ထို့နောက် ပေါက်ကွဲသံများထပ်ကြားရ၍ လေဆိပ်အနောက်ဖက် လေယာဥ် ဆိုက်သည့်နေရာနှင့် ခရီးသည်များတင်သည့် နေရာဘက်တွင် ဗုံးပေါက်ခြင်းဖြစ်နိုင်သည် ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးမြို့သို့ဆင်းသက်နေသည့် လေယာဥ်ခရီးစဥ်များ ဖျက်သိမ်းခြင်းမရှိသော်လည်း အချိန်နောက်ကျ၍ ဆင်းသက်ခဲ့ကြောင်း ဒေသခံ က ဆက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကလေးမြို့အတွင်း သံပြားကာ ကားများဖြင့်လှည့်ပတ်နေပြီး လုံခြုံရေးတင်းကျပ်ကာ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ ( Wings of Kalay Drone Team) ၊ ကလေးဒေသတော်လှန်ရေးတပ် Kalay Revolution Force( KRF) ၊ မြို့ပြစီမံချက်( UG ) အဖွဲ့ နှင့် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များပူးပေါင်း၍ Fixed Wing Drone များကို အသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများကို စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်ဘက်မှ လေယာဥ်ငယ်တစီးဆုံးရှုံးကာ ရဲဘော် များနှင့် ပူးပေါင်းမဟာမိတ်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း Wings of Kalay က အသိပေးထားသည်။

ကလေးမြို့နယ်တောင်နှင့်မြောက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း မှ လက်နက်အင်အားများဖြည့်တင်းနေကြောင်း ဒေသခံများထံ ကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး