ပျူခေါင်းဆောင် ဆရာတော်ဦးဝါသဝကို YMBA က “မင်္ဂလဓမ္မဇောတိကဓဇ” ဘွဲ့ပေးအပ်

YMBAက ဦးဝါသဝအား ဘွဲ့တံဆိပ် ပေးအပ်စဥ်

ရွှေနွယ်

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် ပျူစောထီးဆိုသူများအား ဦးဆောင်ဖွဲ့စည်းနေသော ၅၅၀ဆရာတော် ဦးဝါသဝကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) YMBA က “မင်္ဂလဓမ္မဇောတိကဓဇ” ဘွဲ့ပေးအပ်ကြောင်း ယမန်နေ့ (မေ ၆ ရက်) က ထုတ်ပြန်ထားသည်။

အမျိုး ၊ ဘာသာ ၊ သာသနာ နှင့် ပညာအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးလျက်ရှိသောကြောင့်ဟုဆိုကာ မေလ ၅ ရက်နေ့က အဆိုပါ ဘွဲ့တံဆိပ်တော်ကို ပေးအပ်ခဲ့ခြင်းဟု သိရသည်။

“မင်္ဂလဓမ္မဇောတိကဓဇ” ဆိုသည်မှာ “မင်္ဂလာတရားများကို ထွန်းတောက်အောင်လုပ်ဆောင်သော အောင်လံတခွန်” ဟု အဓိပ္ပာယ်ရသည်။

ဘွဲ့တံဆိပ်ဆက်ကပ်ခံရသော ဆရာတော် ဦးဝါသဝသည် ကန့်ဘလူဒေသအတွင်း ပြည်သူ့စစ်နှင့် ပျူစောထီးသင်တန်းများပေးရာတွင် ဦးဆောင်ခြင်း၊ ကန့်ဘလူဒေသတွင်း စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တန်ပြန်တိုက်ခိုက်ရတွင် ဦးဆောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်းကို စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

“တကယ်ကတော့ ဒီဘွဲ့ပေးတာနဲ့ လုပ်ရပ်နဲ့က ဘယ်လိုနည်းနဲ့မှ မကိုက်ပါဘူး တခြားစီပဲပေါ့နော်။ ခေါင်းစဉ်က အမျိုးဘာသာ သာသနာကို စောင့်ရှောက်လို့ဟေ့ဆိုပြီး တကယ်တမ်းတော့ အမျိုးဘာသာ သာသနာကို ဖျက်ဆီးရေးလမ်းစဉ်ပဲလေ။ သူကိုယ်တိုင် ပျူစောထီးသင်တန်းပေးတယ်။ သူခေါ်လို့ပဲ ဟိုမှာ ကလေးတွေအကုန် လေယာဉ်နဲ့ဗုံးကြဲခံရတာတွေက အထောက်အထားတွေနဲ့တွေ့တယ်။ ဝါသဝဖုန်းဆက်ပြီး ခေါ်တယ်ဟေ့ဆိုတာ” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) မှ ပြောသည်။

ထို့ပြင် ဗုဒ္ဓဘာသာဘုန်းကြီးများသည် လက်နက်ကိုင်ရန် မဆိုထားနှင့် လက်နက်ကိုင်၍ စစ်ရေးပြသောနေရာများကိုပင် သွားကြည့်မိပါက အာပတ်သင့် ( ရဟန်းများအပြစ်သင့်)ကြောင်းနှင့် ကိုယ်တိုင်လက်နက်ကိုင်ပါက အပါဇိက ကျကာ ရဟန်းမဟုတ်တော့ကြောင်းကိုလည်း ဆရာတော်မင်းသုညက ပြောသည်။

“သူတို့ကိုယ်တိုင်က သတ်ခြင်းဖြတ်ခြင်းတွေကို အားပေးတယ်။ စစ်သင်တန်းတွေပေးတယ်ဆိုတဲ့အတွက်ကြောင့် ဒါဟာ ရဟန်းမဟုတ်တော့ဘူး” ဟု ဆရာတော်မင်းသုညက ပြောသည်။

ဦးဝါသဝနှင့်အတူ ရှေးဟောင်း အောင်းကုန်းကျောင်းတိုက်မှ ဦးပညာသာမိ အား “မင်္ဂလဓမ္မဇောတိကဓဇ” တံဆိပ် YMBAက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း YMBA မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “မဟာမင်္ဂလဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ် ချီးမြှင့်ခံသေးသည်။ ထို့ပြင် YMBA အသင်း၏ ရာသက်ပန် နာယကကြီးဘွဲ့ကိုပါ ပူးတွဲပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကို ၁၉၀၆ ခုနှစ် ၊ မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ “အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာ ကို မြှင့်တင်ရန်ဖြစ်ပြီး ဆောင်ပုဒ်မှာ “အမျိုးကို ချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြှင့်ပါ၊ ပညာရေးကို အားပေးပါ” ဟူ၍ ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး