မြောက်ဒဂုံမြို့နယ် (၃၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲ တိုက်ခိုက်ခံရ

ရန်ကုန်မြို့အတွင်း စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးမှူးများ။ (ပုံ-အဟောင်း)

ရောင်နီ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ( ၃၂ ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း Together Urban Force တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ မေလ ၆ ရက် ၊ ညနေ ၄ နာရီ ၃၀ မိနစ်က ထိုအုပ်ချုပ်ရေးမှူးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ လကုန်စာရင်းလုပ်နေချိန် မီးလောင်ပေါက်ကွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“ မီးလောက်ပေါက်ကွဲမိုင်း အသုံးပြုတိုက်ခိုက်တာပါ။ တိုက်ခိုက်တဲ့အချိန် ရုံးထဲမှာ စကစခန့်အုပ်ကြီးနဲ့ ပျူစောထီးစာရေးတွေ လကုန်အတွက် စာရင်းလုပ်ရင်း ရှိနေပါတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေရှိလို့ တိုက်ခိုက်ဖို့ အချိန် ခဏတော့ စောင့်လိုက်ရသေးတယ်။ “ ဟု Together Urban Force တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မီးလောင်ပေါက်ကွဲမိုင်းဆိုသည်မှာ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ထိခိုက်မှုနှင့် လောင်ကျွမ်းမှုပါ ဖြစ်ပေါ်စေသည့် မိုင်းအမျိုးအစားဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို သီးခြား အတည်မပြုနိုင်သေးကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“ ထိခိုက်မှုက ရှိနိုင်တယ်။ ပေါက်ကွဲမှု ပြီးပြီးချင်း စခ(စစ်ကောင်စီတပ်)မီးတန်း ချက်ချင်းရောက်လာလို့ ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူး။ တပ်ဖွဲ့ဝင်တွေကတော့ လုံခြုံဘေးကင်းပါတယ်။” ဟု ပြောသည်။

မြို့ပြနေရာတိုင်းတွင် ရှိနေနိုင်သည့် စစ်ကောင်စီတပ်နှင့် ထောက်တိုင်များကို အချိန်မရွေးတိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထိခိုက်မှု မဖြစ်စဖို့ ၎င်းတို့နှင့် ခပ်ခွာခွာနေထိုင်ခြင်းဖြင့် သတိပြု သွားလာကြရန် Together Urban Force တပ်ဖွဲ့က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ကလည်း စစ်မှုထမ်းဥပဒေအသက်သွင်းရန် လူစုဆောင်းပေးနေသည့် မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force နှင့် Yangon Underground Revolutionary Team (YURT) တို့ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး