တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ရာသီဥတု‌ေကြာင့် ညနေပိုင်း ပြောင်းလဲ ပြုလုပ်ဟု စစ်ကောင်စီဆို

ပုံအညွှန်း - စစ်​ကောင်စီ​ခေါင်း​​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်အား ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်​ရေးပြအခမ်းအနား၌ ​တွေ့ရစဥ် (ဓာတ်ပုံ- MWD)

001

မဇ္ဈိမ။ ။ ယခု ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မနက်ပိုင်းအစား ညနေပိုင်း ပြောင်းလဲပြုလုပ်ခြင်းသည် ရာသီဥတုအခြေအရဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ မတ်လ ၂၆ ရက်နေ့ ​နေ့လယ်ပိုင်းတွင် စစ်​ကောင်စီ ထိန်းချုပ်ထားသည့် မီဒီယာများတွင် အသံဖိုင်​ပေးပို့ ​ပြောဆိုထား​သည်။

မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီ ၁၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အသံဖိုင်တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရာသီဥတုအခြေအနေအရဖြစ်ပါတယ်။ ဒီနှစ်ဟာအယ်နီညိုကျရောက်နေတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုအနေအခြေအရလည်း ညနေပိုင်း ညပိုင်းမှာ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ပုံမှန်အားဖြင့် စစ်ရေးပြအခမ်းအနားများကို မနက်ပိုင်းကျင်းပလေ့ရှိသော်လည်း လက်ရှိတွင် စစ်ကောင်စီက ညနေပိုင်း ကျင်းပရန် ဆောင်ရွက်လာခြင်းသည် လုံခြုံရေးအထူး စိုးရိမ်မှုကြောင့်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ်သည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်နိုင်စွမ်း၊ စစ်လက်နက်ပစ္စည်းများ ဆင့်ကဲတိုးတက်ပြောင်းလဲပြီး ခေတ်မီလာသည့်အနေအထားမျိုးက စစ်ကောင်စီတပ်ဖွဲ့များအတွက် အခက်အခဲဖြစ်လာနေသည့် အနေအထားမျိုး တွေ့ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အထူးသဖြင့် မနက်ပိုင်းဆိုရင် ဝေလီဝေလင်းမှာ မနက်အစောကြီးထပြီးလုပ်ရတဲ့အနေအထားမျိုးဆိုရင် ဒီလိုမျိုးအခြေအနေမှာ တိုက်ခိုက်ခံရတာပဲဖြစ်ဖြစ်၊ ပြန်ပြီးတော့ သူတို့အနေနဲ့ သူတို့တပ်ဖွဲ့တွေကို ကာကွယ်ပေးဖို့ အပိုင်းမှာ အခက်အခဲတွေရှိတယ်။ အဓိကကတော့ အလင်းရောင် ကန့်သတ်ချက်တွေပဲဖြစ်ဖြစ် အခြားသော ကန့်သတ်ချက်တွေပဲဖြစ်ဖြစ် ဒီလိုမျိုးတွေအများကြီးရှိတယ်။ ဒီလိုမျိုးထက်စာရင် နေ့ခင်းနေ့လယ် ညနေစောင်းတွေမှာလုပ်တဲ့အနေအထားမျိုးတွေဆိုရင် မြင်ကွင်းကန့်သတ်ချက်တွေ ဒီလိုမျိုးတွေမရှိတဲ့အတွက် ဒီလိုမျိုးအချိန်ကို ပြောင်းလဲတာလည်းဖြစ်တယ်” CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူသားချင်းစာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တခုအရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ အယ်နီညို သက်ရောက်မှုရှိနေကြောင်း သိရသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် နေ့အပူချိန်မြင့်တက်နိုင်ပြီး ခြောက်သွေ့စေနိုင်ကာ အပူရှိန်လွန်ကဲမှုများ ဖြစ်နိုင်ကြောင်းလည်း သိရသည်။

ရာသီဥတုအခြေအနေအရ စစ်​ရေးပြအခမ်းအနားကို မနက်အစောပိုင်း ပြုလုပ်ခြင်းက အသက်သာဆုံးဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

“ရာသီဥတုအခြေအနေအရဆိုရင် မနက်အစောဆုံးကိုလုပ်တာက Temperature အရရော အသက်သာဆုံးပဲ။ ဘာကြောင့်လဲဆိုရင် အေးတဲ့အချိန်က မနက်ပိုင်းပဲအေးတာ။ ညနေပိုင်းက အေးတာမှ မဟုတ်တာ” ဟု CDM ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ၁၉၅၄ မှ ၁၉၆၇ ခုနှစ်အတွင်း၌သာ ညနေပိုင်း ကျင်းပခဲ့ဖူးကြောင်း သိရသည်။

လက်ရှိ ပြုလုပ်မည့် စစ်ရေးပြအခမ်းအနားတွင် ထူးခြားမှုအနေဖြင့် ညပိုင်းအခမ်းအနားကျင်းပချိန်တွင် လေယာဉ် ၊ ရဟတ်ယာဉ်များဖြင့် ညဘက် စွမ်းရည်ပြအလေးပြုပျံသန်းမှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး