ဗန်းမော်ခရိုင်ရှိ စင်းခန်းဧရာဝတီမြစ်ကူးတံတားနှင့် စခန်း ၃ ခုကို KIA သိမ်းပိုက်

KIA က သိမ်းပိုက်လိုက်သော စင်းခန်းဧရာဝတီမြစ်ကူးတံတား

ရွှေနွယ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မံစီမြို့၊ မြို့မရဲစခန်းနှင့် ဗန်းမော်မြို့ နယ်ရှိ အရေးပါသော စင်းခန်းဧရာဝတီမြစ်ကူးတံတား၊ စင်းခန်းတာဝါတိုင် တပ်စခန်းနှင့် မံရွတ်စစ်ကောင်စီတပ်စခန်းတို့ကို ယနေ့ (မေလ ၇ ရက်) တွင် KIA က တိုက်ခိုက် သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အများစု နေရာယူထားသော မံစီမြို့မရဲစခန်းကို ယနေ့မွန်းလွဲပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း မံစီမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“မံစီမြို့မရဲစခန်းပဲ၊ မံစီမှာ ရဲစခန်းက အဲ့တာပဲ ရှိတယ်၊ တိုက်ပွဲဖြစ်နေတာ ကျွန်မတို့ ပြေးစရာမရှိလို့ ဒီတိုင်းလေးပဲ ပုန်းနေရတယ်” ဟု မံစီမြို့ပေါ်တွင် တိုက်ပွဲကြား ပုန်းအောင်းကျန်ရှိနေသည့် ဒေသခံအမျိုးသမီးတဦးက ယနေ့ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်အစပ်၊ စင်းခန်းကျေးရွာရှိ ဧရာဝတီမြစ်ကူး တံတားစောင့် ဂိတ်စခန်းနှင့် စင်းခန်းတာဝါတိုင် တပ်စခန်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် ကျေးရွာတခုလုံးကို ထိန်းချုပ်ထားကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောသည်။

ဥဒေါင်းတောင်ပေါ်တွင် တည်ရှိသည့် စင်းခန်းတာဝါတိုင် တပ်စခန်းကုန်းသည် စင်းခန်းကျေးရွာနှင့် တမိုင်ကျော်ခန့် ‌ကွာဝေးသည်။

စင်းခန်းကျေးရွာသည် စစ်ကောင်စီတပ်အတွက် ဗန်းမောက်၊ မံစီဘက်သို့ ရေကြောင်းနှင့် ထောက်ပို့လမ်းကြောင်း အသုံးပြုရာတွင် အရေးပါသည့် နေရာဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အလားတူ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ(၄၃၇) တပ်စခန်း သိမ်းပိုက်ရန် KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲသည် မိုးမောက်မြို့တွင်းထိပါ ကျယ်ပြန့်လာနေကြောင်း မိုးမောက်ဒေသခံများက ပြောသည်။

“အကုန်လုံးပစ်နေကြတာ ပတ်ပစ်နေကြတာ တမြို့လုံး။ မြို့ခံတွေတော့ စစ်ရှောင်ကြသူတွေလည်းရှိတယ်။ ကျန်နေသူတွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းတခုမှ စုရှောင်နေကြတာ။ အယောက် ၇၀ လောက်ရှိတယ်။ အိမ်စောင့်ကျန်နေသူတွေလည်းရှိတယ်” ဟု မိုးမောက်မြို့မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြို့တော် မြစ်ကြီးနားခရိုင်အတွင်းရှိ ဝိုင်းမော်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည်။ ယင်းရှိ ပြည်သူ့စစ်စခန်းအချို့ကို KIA က သိမ်းပိုက်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လောလောဆယ်တွင် သီးခြားအတည်မပြုနိုင်ပါ။

ကချင်ပြည်နယ်တွင် KIA၊ ပူးပေါင်းမဟာမိတ်တပ်က ထိုးစစ်အရှိန်မြင့်ပြီးနောက် နှစ်လအတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အမြောက်ကုန်းများ အပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ၏ စစ်ရေးရုံး အချက်အလက်အရ သိရသည်။

ထို့ပြင် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ စသည့် မြို့လေးမြို့ကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

စာတည်း။ ။ နောင်နောင်